ဆေးကျောင်းကဇာတ်လမ်းလေးတစ်ပုဒ် ဇာတ်သိမ်း
သူတို့ ကျောင်းဘက်ထွက်လာခဲ့သည်။ နည်းနည်းစောနေသေးသည်ဟု သားသားက ပြောပြီး ကန်ဘောင်ဘက်ခေါ်လာခဲ့သည်။ ကားပါကင်တွင် ကားကိုရပ်လိုက်ပြီး သူတို့ ခုံတန်းတွေဆီသို့ လျှောက်လာခဲ့သည်။ နှစ်ဦးသား ယှဉ်လျက်ထိုင်လိုက်ပြီး ...
‘‘ မြတ်နိုး ...’’
‘‘ ဘာလဲ ကို ...’’
‘‘ ကိုယ် မြတ်နိုးဆီက ...ကတိတခုတောင်းချင်လို့ ...’’
‘‘ မြတ်နိုး ကိုယ့်အတွက် ဘာမဆိုကတိပေးပါတယ် ...’’
‘‘ တခုထဲပါကွာ ...မြတ်နိုးအနားမှာ ကိုယ်ရှိနေသရွေ့ စိတ်မကောင်းစရာတွေကို မတွေးပါဘူးလို့ ...’’ ‘‘ မြတ်နိုးကြိုးစားပါ့မယ် ကို ...’’
‘‘ အင်း ...ကိုယ်လိုချင်တာ ဒါပဲ၊ ကဲ ကဲ ...လာ၊ ကျောင်းသွားရအောင် ...’’
သူတို့ ကန်ဘောင်မှထကာ ကျောင်းဘက်ထွက်လာခဲ့ကြသည်။ မြတ်နိုးက သူ့ကို လူသိရှင်ကြား တွဲခွင့်ပေးလိုက်ပြီ ဖြစ်၍လည်း မြတ်နိုးနှင့်အတူ လမ်းလျှောက်ရတာ ပို၍ အရသာရှိနေသည်။ ကျောင်းရောက်တော့ လူအတော်စုံနေပြီ။ သူတို့ နှစ်ယောက်အတူတူ နေရာယူလိုက်ကြသည်။ ဟိုဟိုဒီဒီ မျက်စိကစားလိုက်တော့ တစုံတယောက်၏ အဆွေးမျက်ဝန်းတွေကို မြင်ရသည်။ နောက်တော့ မေမိုးက ပြန်ပြောပြသည်။ ‘‘ မေမိုး ...ဘယ်လိုမှ ဟန်မဆောင်နိုင်ဘူး မောင်ရယ် ’’...တဲ့။ ‘‘ မောင့်ကိုခွင့်လွတှ်ပါ မေမိုးရယ်
...’’ဟု စိတ်ထဲမှပင် တောင်းပန်စကားပြောလိုက်မိသည်။
ဒီလိုနဲ့ စာသင်ချိန်များအပြီး သူတို့ ကန်တင်းဘက်ထွက်လာတော့ မေမိုးပါလိုက်လာသည်။
‘‘ အောင်မယ် ...နင်တို့နှစ်ယောက် သိပ်ချစ်နေကြတယ်ပေါ့လေ ...’’
‘‘ မေမိုးနော် ...နင်လည်း အားကျရင် ရှာတော့လေ ’’ မြတ်နိုးက ပြောတော့ သူ့ အဆွေးမျက်ဝန်းလေးတွေက သားသားဘက် တချက်ရောက်လာသည်။ နောက်မှ သူ့ကိုယ်သူ ပြန်ထိန်းသိမ်းရင်း ...
‘‘ ငါ့ကိုကြိုက်တဲ့သူ ရှိရောရှိလို့လား မြတ်နိုးရယ် ...’’
‘‘ ငါ ခေါ်ပြရမလား ...’’
‘‘ အမလေး ...အများကြီး နင် သတိမထားမိလို့နေမှာပါ ...’’ သားသားက ဝင်ပြောလိုက်သည်။
‘‘ အေး အေး ...အတိုင်အဖောက်တယ်ညီနေကြပါလား ...တော်တော် ငါသွားတော့မယ် ’’ ဆိုကာ မေမိုး ထွက်သွားသည်။
သူတို့နှစ်ဦးသား ဆက်ထိုင်ရင်း ထမင်းကြော်တပွဲမှာကာ နှစ်ယောက်စားကြသည်။ သားသားက ခွံ့ကျွေးတော့ မြတ်နိုး ရှက်သလိုလုပ်နေသည်။ တရားဝင်တွဲခွင့်ရသွားတော့ လူရှေ့သူရှေ့ ဟန်ဆောင်စရာမလိုတော့သဖြင့် ပို၍ ပျော်ဖို့ကောင်းသည်။ ညနေ အတန်းပြန်တက်တော့ မေမိုးကို မတွေ့ရ။ ပြန်သွားပြီ ထင်သည် ...။ အင်းလေ ...သူလည်း ကိုယ့်ရှေ့မှာ ဒီလိုမျိုး တခြားတယောက်နှင့် တွေ့နေရတော့ ဘယ်ခံစားနိုင်မလဲလေ ...။ သားသားကတော့ မြတ်နိုးဘေးမှာရှိနေတော့ မေမိုးကို မေ့ထားလိုက်နိုင်သည်။
ညနေကျောင်းဆင်းတော့ မြတ်နိုးကို ‘‘ ပြန်နှင့် ...ကိုယ် မြို့ထဲသွားစရာရှိတယ် ’’ ဆိုပြီး ထွက်လာခဲ့သည်။ မြို့ထဲကနေ မေမိုးဆီကို ဖုန်းလှမ်းဆက်လိုက်သည်။
‘‘ မေမိုးလား ...’’
‘‘ ...’’
‘‘ မောင်ပါ ...’’
‘‘ သိပါတယ် ’’
‘‘ ခု ...မောင် မြို့ထဲမှာ ...မေမိုး မောင့်ဆီလာခဲ့ပါလား ’’
‘‘ ဘယ်မှာလဲ ...အေရိုးမားမှာ ’’
‘‘ အင်းလေ ...မောင့် အမိန့်အတိုင်းပါပဲ ...’’
‘‘ မေမိုးကလဲကွာ ...’’
‘‘ နောက်တာပါ ...စောင့်နေနော် ...’’ မေမိုး ဖုန်းချသွားသည်။ သိပ်မကြာလိုက်ပါ၊ မေမိုးရောက်လာသည်။ သူသောက်နေသော ကော်ဖီခွက်ကို တငုံသောက်လိုက်ပြီးမှ ရှုံ့မဲ့ကာ ကပူချီနိုမှာသည်။ သားသားက သူ့ အက်စ်ပရက်ဆိုကို တငုံမော့လိုက်ရင်း ...
‘‘ မေမိုးစိတ်တွေ သိပ်ပင်ပန်းနေလားဟင် ...’’ ‘‘ ဒီလိုပါပဲ မောင်ရယ် ...’’
ဒီလိုပါပဲဆိုသည်က အတော်များများ မဖြေချင်သည့်အခါ၊ ပြောစရာမရှိသည့်အခါ သုံးကြသည့်စကားဖြစ်တော့ သားသား စိတ်ထဲမှာ မေမိုးကို သနားသွားမိသည်။
ကော်ဖီရောက်လာတော့ မေမိုးက တငုံသောက်ကာ မေမိုးတို့လျှောက်သွားရအောင်ဟု အကြံပြုတော့ သားသားလဲ မနေနိုင်တော့ဘဲ လိုက်လျောလိုက်တော့သည်။
သားသားနှင့် မေမိုးတို့ တရုတ်တန်းဘက်သွားကာ တုတ်တိုး၊ အကြော် စသည့် သွားရေစာများ လျှောက်စားကြသည်။ စားစရာတခုစားတိုင်း မေမိုးက ကြင်နာယုယစွာ ခွံ့ကျွေးလေတော့ သူ နေရထိုင်ရခက်လာသည်။ မေမိုးလည်းစားလေဟု ပြောလိုက်ရင်း အခုအချိန် မြတ်နိုးတယောက်ထဲ အထီးကျန်နေမှာကို သတိရလိုက်မိသည်။ ညပြန်ရောက်မှ ဖုန်းဆက်ပြီး ပွားလိုက်ပါဦးမယ်လေဟု တွေးလိုက်သည်။
ထို့နောက် မေမိုးက ကမ်းနားဘက် လေညင်းခံရအောင်ဆို၍ သူတို့ ဗိုလ်တထောင်ကမ်းနားဘက် ထွက်လာခဲ့သည်။ နေဝင်စပြုနေပြီဖြစ်၍ တိုက်ခတ်လာသော ညနေ လေညင်းညင်းကိုခံစားရင်း သူတို့ စကားတွေ အများကြီးပြောဖြစ်ခဲ့သည်။ မြတ်နိုးအကြောင်းလည်းပါသည်။ ထိုအထဲတွင် မေမိုးပြောသော စကားတခွန်းက သူ့အသည်းထဲအထိ စူးနစ်ဝင်ရောက်ခဲ့သည်။
‘‘ နောက်ဆုံးမှာ မောင်နဲ့မြတ်နိုးတို့ ပျော်ပျော်ရွငှ်ရွငှ် လက်တွဲနေနိုင်တာကိုမြင်ရင်၊ မောင်ပျော်နေရင် မေမိုး ကျေနပ်နေမှာပါ မောင် ...’’ တဲ့။ သားသား တိုးတိုးလေးညည်းမိသည်။ ကံကြမ္မာက ဘာကြောင့်များ ဒီလိုဖန်တီးခဲ့တာပါလိမ့် ...။ မေမိုးရယ်၊
မြတ်နိုးရယ်၊ သူရယ် ...ဒီ သုံးပွင့်ဆိုင်ဇာတ်လမ်းဟာ ...။
ည ၇နာရီခွဲလောက်ကျတော့ ဗိုလ်တထောင်ဘုရားကို ဝင်ဖူးကာ ရင်ပြင်တော်ကို တပတ်ပတ်ပြီးနောက် သူတို့ ပြန်ခဲ့ကြသည်။ မေမိုးက သူ့အိမ်အထိလိုက်ပို့သည်။ မပြန်ခင် စကားတခွန်းပြောသွားသည်။
‘‘ ခုလို မောင်နဲ့လျှောက်လည်နေရရင် အိမ်မပြန်ရရင် ဘယ်လောက်ကောင်းမလဲလို့ မေမိုး တွေးမိတယ် ...’’တဲ့။ မေမိုးပြန်သွားတော့မှ သူအောက်ဆင်းကာ ဖုန်းဆိုင်မှနေကာ မြတ်နိုးဆီ ဖုန်းခေါ်လိုက်သည်။ အတော်ကြာကြာ ဖုန်းလာမကိုင် ...။ သူစိုးရိမ်သွားသည် ...ဖုန်းကိုချကာ မြတ်နိုးထံသွားမည်ဟု စဉ်းစားလိုက်သည့်အခါကြမှ ဖုန်းထဲက မြတ်နိုးအသံလေးက ထွက်ပေါ်လာသည်။
‘‘ ဟယ်လို ...ပြောပါရှင် ’’
‘‘ မြတ်နိုး ...ကိုယ်ပါ ’’
‘‘ ဘယ်ကဆက်နေတာလဲ ကို ...အိမ်ပြန်ရောက်ပြီလား ...’’
‘‘ အင်း ခုနပဲရောက်တယ် ...မြတ်နိုးဘာလုပ်နေတာလဲ၊ ဖုန်းခေါ်နေတာ အကြာကြီးပဲ ’’
‘‘ အဟဲ ...မြတ်နိုး ရေချိုးခန်းဝင်နေလို့ ...’’
‘‘ မသိပါဘူး မြတ်နိုးရယ် ...ကိုယ် စိတ်ပူပြီး ခုပဲ လာကြည့်တော့မလို့ ’’
‘‘ အင်းလေ ...မြတ်နိုးလည်း ရေသံတွေနဲ့ဆိုတော့ အတော်နဲ့မကြားမိဘူး ’’
‘‘ မြတ်နိုး အခု တယောက်တည်းဖြစ်ရဲ့လား ဟင် ...’’
‘‘ ဖြစ်ပါတယ် ကို ...စိတ်မပူပါနဲ့ ...မြတ်နိုး နေတတ်ပါတယ် ’’
‘‘ တကယ်လား ကိုယ်လာအိပ်ပေးဖို့ လိုသေးလား ...’’
‘‘ တော်ပါ ...သူလာအိပ်ရင် ပင်ပန်းလွန်းလို့ ...’’
‘‘ မြတ်နိုးနော် ...ကိုယ်က အကောင်းပြောတာကို ...’’
‘‘ ...’’
‘‘ ...’’
ထိုနေ့ညက သူတို့ လေးဆယ့်ငါးမိနစ်လောက်ကြာအောင် ဖုန်းပြောဖြစ်ကြသည်။ သူတို့ ပျော်သလို ဖုန်းဆိုင်လည်း ပျော်မယ်ထင်ပါရဲ့ ...။ သူ မြတ်နိုးကို နောက်နေ့ညတော့ လာစောင့်ပေးမည်ဟု ပြောလိုက်တော့ လာခဲ့လေတဲ့။ ပတ်ဝန်းကျင် အနေနဲ့တော့ ပြောစရာဖြစ်နေဦးမယ်နော်ဟု မြတ်နိုးက သတိပေးသည်။ ထို့နောက် နက်ဖြန်ကျမှ ကျောင်းမှာတွေ့မယ်ဟု ပြောကာ သားသား ဖုန်းချလိုက်သည်။ နောက်တနေ့ နံနက်စောစော ထကာ သားသား မြတ်နိုးဆီ ဖုန်းဆက်သည်။ မြတ်နိုးနှင့်တွေ့တော့ အခုပဲ မြတ်နိုးဆီ လာခဲ့မယ်၊ မနက်စာစီစဉ်ထားနော် ဟုပြောကာ သူ မြတ်နိုးအိမ်သို့ လာခဲ့သည်။ တက္ကစီတစီးငှားတော့ စစချင်းတော့ အကောင်း၊ လမ်းတဝက်ရောက်တော့ ကားက ထိုးရပ်သွားသည်။ ဘာဖြစ်သွားတာလဲ မေးတော့ ဘက်ထရီဒေါင်းနေတယ်တဲ့။ ခက်သည်၊ ဒီလိုလူတွေကလည်း ကိုယ့်ကားတောင် ကိုယ်ဂရုမစိုက်၊ သူ တက္ကစီကိုထားခဲ့ကာ ဘတ်စကားဖြင့် ခရီးဆက်ခဲ့သည်။ မြတ်နိုးတို့အိမ်အောက်ရောက်တော့ ၇နာရီထိုးနေပြီ၊ သူ လှေကားအတိုင်းတက်ခဲ့ရင်း အပေါ်ရောက်တော့ တံခါးက ခပ်ဟဟ ဖွင့်ထားသည်ကိုတွေ့ရသည်။ သူ တံခါးကို အသာတွန်းဖွင့်လိုက်တော့ မြတ်နိုးတယောက် ဆိုဖာပေါ်တွင်ထိုင်ကာ ရှိုက်ကြီးတငင် ငိုနေသည်ကိုတွေ့ရသည်။ သားသားကို မြင်သည်နှင့်တပြိုင်နက် မြတ်နိုးက သူ့ရင်ခွင်ထဲတိုးကာ အကြီးအကျယ် ငိုလေတော့သည်။ မြတ်နိုးကိုယ်ကလေး၏ တုန်ခါမှုကြောင့် သူ့တကိုယ်လုံးပါ တုန်ခါနေတော့သည်။
သူ အရမ်းအံ့အားသင့်သွားသည်။ မနက်က ထွက်မလာခင်ဖုန်းဆက်တော့ အကောင်း၊ ခု ဘယ်လိုဖြစ်ရသည်လဲ
သူတွေးမိသည်။ ဖြစ်နိုင်ချေ တခုကို သားသား တွေးမိသွားသည်။ မြတ်နိုးအဖေ ဦးကိုကို ...။ ‘‘ မြတ်နိုး ...မြတ်နိုး ...ကိုယ့်ကို ပြောပါဦး မြတ်နိုးရယ် ...ဘာတွေဖြစ်လို့လဲ ’’ ‘‘ ဖေဖေလေ ...အဟင့် ...’’
‘‘ ဟင် ...ဦးဘာဖြစ်လို့လဲ ...’’
‘‘ ည သန်းခေါင်လောက်က သတိလစ်သွားတာ ...ဟင့် ...သတိပြန်လည်မလာတော့ဘူးတဲ့ ...’’
‘‘ ဖြစ်ရလေ မြတ်နိုးရယ် ...’’
‘‘ ...’’
‘‘ ကိုယ် ဘာလုပ်ပေးရမလဲ ...ခု မြတ်နိုးရော ဘာတွေစီစဉ်ထားသလဲ ’’ မြတ်နိုးက ခဏ ဆက်ငိုနေသေးသည်။ အငိုတိတ်သွားတော့မှ မျက်ရည်များကို သုတ်ရင်း ...
‘‘ မြတ်နိုး ...ဒီနေ့ ရတဲ့ကားနဲ့ ပြန်မယ် ကို ...’’
‘‘ မြတ်နိုးရဲ့ကားရော ...’’
‘‘ ထားခဲ့မယ်လေ ...မြတ်နိုး ဒီအချိန်မှာ မောင်းလို့ဖြစ်မယ် မထင်ပါဘူး ’’
‘‘ အင်း ...ဒါဆိုလည်း စီစဉ်စရာရှိတာတွေ စီစဉ်ရအောင်လေ ...’’
သူတို့ ကားဂိတ်ကိုဖုန်းဆက်ကာ လက်မှတ်လှမ်းမှာသည်။ ဒီနေ့ နေ့ချင်းဆိုတော့ ခုံတွေက နောက်ပိုင်းမှာပဲရသည်။ နေ့လည် ၁၂ နာရီကား ...။
မြတ်နိုးလက်ကလေးကို ဆုပ်ကိုင်ကာ သူနှစ်သိမ့်ပေးရင်း မြတ်နိုး အားမငယ်အောင် သူ အမျိုးမျိုးဖြောင်းဖြနေသည်။ မြတ်နိုးကတော့ စိတ်နဲ့ကိုယ်နဲ့ မကပ်ချင်သလို ...။
‘‘ မြတ်နိုး ...’’
‘‘ ဟင် ...’’
‘‘ ဒီနေ့ မြတ်နိုးပြန်ရင် ကိုယ်ပါ လိုက်ခဲ့ပေးရမလား ’’
‘‘ ရပါတယ် ကို ...ကို ကျောင်းပျက်နေပါ့မယ် ’’
‘‘ ဘာဖြစ်လဲ မြတ်နိုးရယ် ...ဟိုမှာက ယောက်ျားသားလည်း လောက်လောက်လားလားရှိတာ မဟုတ်ဘူး ’’
‘‘ ကို ဒီမှာ ကျောင်းတက်နေတော့ မြတ်နိုးကို စာတွေပြန်ရှင်းပေးလို့ရတယ်လေ ...ပြီးတော့ ဟိုမှာလည်း အသိတွေ
ဝိုင်းကူကြမှာပါ ...မစိုးရိမ်ပါနဲ့ ကိုရယ် ...’’
ဒီလိုနဲ့ ၁၁ နာရီလောက်ရောက်တော့ သူ မြတ်နိုးကို ကားဂိတ်လိုက်ပို့သည်။ လမ်းတွင်တော့ ဘာစကားမှ မပြောဖြစ်၊ ကားဂိတ်ရောက်တော့ ၁၁ ခွဲ၊ နည်းနည်းစောသေးတာနဲ့ လက်ဖက်ရည်ဆိုင် ဝင်ထိုင်နေကြသည်။ သည်တော့မှ မနက်စာ မစားရသေးမှန်း နှစ်ဦးစလုံး သတိရကြသည်။ သို့သော် စားချင်စိတ်က သိပ်မရှိ၊ မြတ်နိုး စိတ်ဆင်းရဲနေတော့၊ သားသားလည်း စိတ်ဆင်းရဲရသည်။ ကားထွက်ခါနီးတော့ မြတ်နိုး ထိုင်ခုံအထိ သူ လိုက်ပို့သည်။ ကားထွက်တော့ မြတ်နိုးကို သူလက်ပြသော်လည်း မြတ်နိုးက ပြန်မပြ၊ ဘာတွေတွေးနေလဲတော့ မပြောတတ်ပေ ...။ ပြီးမှ ကားဂိတ်ကနေ သူ့အိမ်ကို ဖုန်းလှမ်းဆက်သည်။
‘‘ ဟဲလို ...’’
‘‘ မေမေလား ... သားသားပါ ’’
‘‘ သားပါလား ...ဘာထူးလို့လဲ ...ဒီမှာတော့ ...’’
‘‘ မြတ်နိုးဖေဖေ ဆုံးပြီမဟုတ်လား ...’’
‘‘ အင်း ...ကလေးမလေးတော့ သနားပါတယ်ကွယ်၊ ဒါနဲ့ သားဘယ်လိုသိတာလဲ ’’
‘‘ မြတ်နိုး ပြောလို့ပါ ...သူ ဒီနေ့ကားနဲ့ ပြန်သွားပြီ၊ အဲဒါ မေမေတို့ လိုအပ်တာလေးတွေ ကူညီပေးလိုက်ပါလို့ ပြောမလို့ ...ဖေဖေ့ကိုလည်း ပြောလိုက်ပါနော် ’’
‘‘ အေးအေး သား ...ဒါဆို ဒါပဲနော် ...ဧည့်သည်လာနေလို့ ...’’
သားသား အိမ်ကို မှာလိုက်ရသော်လည်း စိတ်ကမဖြောင့် ...။ ဒီလိုနဲ့ ညနေပိင်းတော့ ကျောင်းသို့ သွားလိုက်သည်။ မေမိုးလည်း မတွေ့ ...ကျောင်းပြေးသည် ထင်သည်။ လက်ချာတချိန်ပြီးတော့ ပြန်လစ်လာကာ အိမ်ပြန်ခဲ့သည်။ အိမ်မှာ နေရင်း သေသေချာချာ စဉ်းစားသည်။ မထူးပါဘူးလေ ...မေမိုးကို အကူအညီတောင်းပြီး ခဏတော့ ပြန်လိုက်ပါဦးမယ် လို့ ဆုံးဖြတ်လိုက်ရင်း မြတ်နိုးထားခဲ့သော ကားကိုမောင်းကာ မေမိုးတို့အိမ်ဘက် ထွက်လာခဲ့သည်။ မေမိုးကို အခန့်သင့်ပင် ခြံထဲက ဒန်းကလေးပေါ်မှာ ထိုင်နေသည်ကို တွေ့ရသည်။ သားသား အကျိုးအကြောင်းကို အတိုချုပ်ပြောပြလိုက်ရင်း မေမိုးကို အကူအညီတောင်းသည်။ မြတ်နိုး ကားကလေးကို ဒီမှာ ထားပေးဖို့ရယ်၊ စာတွေကူးဖို့၊ ရိုးကောလ်ယူပေးထားဖို့ ...။ မေမိုးက မျက်စိမျက်နှာပျက်ကာ စိုးရိမ်ပူပန်နေသည်။ မြတ်နိုးကို ဂရုစိုက်နော်လို့လည်း ပြောသည်။
‘‘ ဒါဆို ငါ စိတ်ချမယ်နော် ...မေမိုး ’’ သူတို့ အိမ်မှာဆိုတော့ နင်ငါ နှင့်ပင် ပြောကြသည်။
‘‘ စိတ်ချပါ အောင်ကျော်သူရယ် ...ငါ အကုန်လုံး ကြည့်ကျက်လုပ်ထားလိုက်မယ်၊ နင်သာ စိတ်ဖြောင့်ဖြောင့်နဲ့ သွား၊ ပြီးတော့ ဟိုမှာ ကူညီလုပ်ပေးလိုက် ...’’
ခဏနေတော့ မေမိုး၏အမေ ထွက်လာပြီး နှုတ်ဆက်တော့ အကျိုးအကြောင်းပြောပြလိုက်တော့ စုတ်တသပ်သပ်နဲ့ ဖြစ်သွားသည်။ ကားထားခဲ့ဖို့လည်း စိတ်ချပါ၊ အန်တီတို့ သေချာကြည့်ရှုထားလိုက်မယ်လို့ ပြောတော့ သူ ပိုစိတ်ချသွားသည်။ ပြီးမှ မေမိုးတို့သားအမိကို နှုတ်ဆက်ကာ သူ ပြန်လာခဲ့လေသည်။
နောက်တနေ့တော့ သားသား လိုင်းကားနဲ့ပဲ သူတို့ မြို့သို့ပြန်ခဲ့သည်။ အိမ်ရောက်တော့ အားလုံး အံ့သြကုန်ကြသည်။ ဖေဖေကတော့ စကားနည်းသူမို့ ဘာမှမပြော ...အံ့သြသည့် အရိပ်အယောင်သာပြသည်။ မေမေကတော့ တိုးတိုးတိတ်တိတ် သူ့ကို ကပ်မေးတော့သည်။ နောက်ဆုံး သူ့မေမေ အစ်သမျှအောက်တွင် သူနှင့်မြတ်နိုးအကြောင်းကို သားသားတယောက် ဖွင့်ပြောလိုက်မိတော့သည်။ မေမေက သက်ပြင်းချသည် ...ပြီးမှ
...
‘‘ ကောင်မလေးကတော့ မဆိုးပါဘူး ...ဒါပေမယ့် ’’
‘‘ ဘာဖြစ်လို့လဲ ...မေမေ ’’
‘‘ မင်းတို့ ကျောင်းပြီးတဲ့အထိတော့ လိမ်လိမ်မာမာနေပေါ့ကွယ် ’’
‘‘ အဲဒါကြောင့် မေမေ့ကို ချစ်ရတာ ...’’
‘‘ တော်ပါ ...နောက် မိန်းမရရင် ဘယ်လိုပြောဦးမလဲ ကြည့်ရသေးတာပေါ့ ...’’
‘‘ ဒါနဲ့ ဖေဖေရော ...ဘာပြောသေးလဲ မေမေ ’’
‘‘ သားဖေဖေကတော့ ဘယ်တုန်းက ဘာပြောဖူးလို့လဲ ...သူ့သားမျက်နှာပဲ ကြည့်နေတာဆိုတော့ ...’’
‘‘ အင်း ...ဒါဆို သား ...မြတ်နိုးတို့အိမ်သွားလိုက်ဦးမယ် ...’’
‘‘ ကြွကြွ ကိုယ်တော် ...ဒါနဲ့ သား ဘယ်တော့ပြန်မလဲ ’’
‘‘ သန်ဘက်ခါလောက်ပေါ့ မေမေ ...’’
‘‘ အေးအေး ...ကျောင်းစာလည်းမပေါ့နဲ့နော် ...’’ ‘‘ ဟုတ်ကဲ့ မေမေ ...သား သွားလိုက်ဦးမယ် ’’ မြတ်နိုးတို့အိမ်မှာတော့ လူဝင်လူထွက် အနည်းငယ်ရှုပ်ထွေးနေသည်။ မနက်ဖြန် အသုဘချမည်တဲ့ ...သူ အိမ်ထဲ ဝင်သွားလိုက်တော့ အခန်းထဲမှထွက်လာသည့် မြတ်နိုးကို တွေ့ရသည်။ မြတ်နိုးတယောက် အလွန်ပင် အံ့အားသင့်သွားပုံ ပေါ်သည်။ သူ့ကို အလန့်တကြားကြည့်ကာ ...
‘‘ ဟဲ့ ...သားသား၊ နင် ဘယ်လိုဖြစ်လို့ ပြန်လာတာလဲ ’’
‘‘ သြော် ...ခုတော့ သားသားပေါ့ ’’ သူ တိုးတိုးလေးပြောလိုက်တော့ မြတ်နိုးက လက်သီးဆုပ်ပြသည်။
‘‘ ဒီလိုပါပဲဟာ ...ဦး ခုလိုဖြစ်သွားတယ်ဆိုတော့ ငါတို့ တရပ်ထဲသားချင်းတွေပဲလေ ...ကူညီရမှာပေါ့ ’’ ‘‘ ကျေးဇူးတင်ပါတယ်ဟာ ...’’
ထိုသို့ပြောနေတုန်း မြတ်နိုးမေမေ ထွက်လာသည်။ သူ့ကို နှုတ်ဆက်ပြီး အကျိုးအကြောင်းမေးကာ အားနာစရာကွယ် ဟုပြောသည်။ ကျောင်းသိပ်မပျက်နဲ့နော် ဟုပြောကာ ပြန်ထွက်သွားသည်။ မြတ်နိုးက သူ့ကို ဧည့်ခန်းထဲခေါ်ခဲ့ပြီး ဆက်တီပေါ် ထိုင်ခိုင်းသည်။ ပြီးမှ ...
‘‘ အအေးသွားဖျော်လိုက်ဦးမယ် ...’’
‘‘ နေပါစေ မြတ်နိုးရယ် ...ကိုယ်လာလို့ မြတ်နိုးတို့မှာ အနှောင့်အယှက် မဖြစ်စေချင်ဘူးလေ ...ထားလိုက်ပါ၊ ကိုယ် တခြား ဘာကူညီစရာရှိသလဲ ...ပြော ...’’
‘‘ နေပါစေ ကိုရယ် ...အားလုံး ပြီးသလောက် ရှိနေပါပြီ ...နက်ဖြန်ကျရင်သာ ...လိုက်ပို့ဖို့ ...’’
‘‘ စိတ်ချပါ မြတ်နိုးရယ် ...ကိုယ် လာခဲ့မှာပါ ...’’
‘‘ တခုတော့ ခိုင်းစရာရှိတယ် ...’’
‘‘ ဘာလဲ မြတ်နိုး ...ပြောလေ ...’’
‘‘ အကြောတွေ တက်နေတာ ကိုရာ ...တအား ညောင်းတာပဲ ...နှိပ်ပေးပါလား ...’’
‘‘ ကဲ ...လာ ...’’
‘‘ အင်း ...ခုမှပဲ ...မြတ်နိုး ခုလိုဖြစ်နေတာကြာပြီ ...ဘယ်လိုဖြစ်သလဲ မသိပါဘူး ... ခုတလော တကိုယ်လုံး ကိုင်ရိုက်ထားလိုပဲ ...’’
‘‘ လူပင်ပန်း စိတ်ပင်ပန်းနဲ့မို့ နေမှာပါ မြတ်နိုးရယ် ...ကျန်းမာရေးလည်း ဂရုစိုက်ဦးလေ ...’’
‘‘ မလိုပါဘူး ...ဂရုစိုက်ပေးမယ့်သူ ရှိသားပဲဟာ ...’’
သူ မြတ်နိုးနဖူးလေးကို မနာမကျင်အောင် သာသာလေးထုလိုက်သည်။ ပြီးမှ ညဘက်ကျမှ တခေါက်လျှောက်ခဲ့မယ် ဟုပြောကာ ပြန်လာခဲ့လေသည်။ ည ၈နာရီလောက်ကျတော့ သားသား မြတ်နိုးတို့အိမ်သို့ ထွက်လာခဲ့သည်။ အသုဘအိမ်ထုံးစံအတိုင်း ဖဲဝိုင်းကတော့ ရိုးရာမပျက်ရှိနေသည်။ မြတ်နိုးတို့ သားအမိကတော့ ယောင်ချာချာနှင့် ညှိုးနွမ်းနေသော မျက်နှာတွေကလည်း ဖုံးမရ ဖိမရ။ သူ အားပေးနှစ်သိမ့်ချင်ပေမယ့် ပတ်ဝန်းကျင်ကို ကြည့်ရသေးသည်။ သူရောက်လာတော့ မြတ်နိုးက ရေနွေးအိုးချပေးသည်။ ပြီးတော့ ဘေးတွင်ဝင်ထိုင်ကာ ဘာစကားမှမပြောဘဲ ငြိမ်နေသည်။
သားသားက မြတ်နိုးလက်ကလေးကို ခပ်တင်းတင်း ဖျစ်ညှစ်လိုက်သည်။ မြတ်နိုးက ဖြေးညင်းစွာ မော့ကြည့်သည်။ မျက်နှာလေးက မကြည်လင်သော်လည်း မျက်လုံးလေးများက ကျေးဇူးတင်မှုများဖြင့်
ရွနှ်းလဲ့နေသည်။ ပြီးမှ မြတ်နိုးက ...
‘‘ မြတ်နိုးက ကိုလိုက်လာမယ်လို့ မထင်မိဘူး ... စာတွေ မြတ်နိုးကို ရှင်းပြနိုင်အောင် အတန်းတွေ တက်နေမယ်လို့ ထင်ထားတာ ...’’
‘‘ ကိုယ် ဘယ်လိုနေနိုင်မလဲ မြတ်နိုးရယ် ... မြတ်နိုးအနားမှ ကိုယ် အမြဲတမ်းရှိနေချင်တာလေ ...’’
‘‘ ကိုရယ် ...’’
မြတ်နိုး၏ အကြင်နာ ညည်းသံလေးပါ ...။ နောက် မြတ်နိုးကို မေးကြည့်သည်။
‘‘ မြတ်နိုး ...’’
‘‘ ဟင် ’’
‘‘ ကိုယ်တို့အကြောင်းကို အန်တီ သိနေလား ...’’
‘‘ ဘာဖြစ်လို့လဲ ကို ...’’
‘‘ အနှောင့်အယှက်ကို မပေးလို့ ...အဲဒါ မြတ်နိုးများ ပြောပြထားလားလို့လေ ...’’
‘‘ အင်း ... မြတ်နိုးတို့မှာ တိုင်ပင်စရာဆိုလို့ ဒီသားအမိပဲ ရှိတော့တယ်လေ ...’’
ထိုနေ့ညက သူတို့နှစ်ဦး ညအတော်နက်သည်အထိ စကားထိုင်ပြောဖြစ်ခဲ့ကြပါသည်။ နောက်တော့မှ သူ မိုးချုပ်သည်အထိ နေနေရင် မကောင်းဘူးလေဟု တွေးကာ အိမ်ပြန်ခဲ့လေသည်။
နောက်နေ့ရောက်တော့ မြတ်နိုးအဖေ၏ အသုဘသည် မိတ်ဆွေသင်္ဂဟ သိုက်သိုက်မြိုက်မြိုက်ဖြင့် ပြီးဆုံးသွားခဲ့သည်။ မြတ်နိုးအမေကတော့ ခုလို တကူးတကပြန်လာပေးသော သူ့ကို ကျေးဇူးတွေ အထပ်ထပ်တင်နေသည်။
နောက်တရက်ကျတော့ သူ မြတ်နိုးကို ထားခဲ့ကာ မပြန်ချင့်ပြန်ချင်ဖြင့် ရန်ကုန်ပြန်လာခဲ့သည်။ မြတ်နိုးကတော့
ရက်လည်ပြီးမှ ပြန်လာမည်တဲ့ ...။ မြတ်နိုးမရှိသောရက်များအတွင်း မေမိုးနှင့်တော့ ပိုပြီးတွဲဖြစ်သည်။ မေမိုးကိုမြင်တိုင်း မြတ်နိုးကို ပိုပြီးလွမ်းမိသည်ကိုတော့ သူ ဝန်ခံရမည်ဖြစ်လေသည်။ အဓိပ္ပါယ်မဲ့သည်အထိ ဖြစ်မသွားသော်လည်း သူ့စိတ်ထဲတွင်တော့ မေမိုးကို မြတ်နိုးလောက် မချစ်မှန်း သိနေသည်။ မေမိုးကလည်း သိလိမ့်မည်ဟု ထင်မိသည်။ သို့သော် သူ့နှလုံးသားကို သူ မပိုင်ပဲ မြတ်နိုးက ပိုင်နေလေတော့ ... မေမိုးကိုသာ သနားမိတော့သည်။
တကယ်တော့ သနားခြင်းသည်လည်း ချစ်ခြင်း၏ ပုံသဏ္ဍာန်ကွဲ တမျိုးသာဖြစ်လေသည် ...။ နောက် လေးရက်နေတော့ မြတ်နိုးပြန်ရောက်လာသည်။ သားသား မြတ်နိုးကားလေးကိုမောင်းကာ ကားဂိတ်သို့ သွားကြိုသည်။ မြတ်နိုး၏ လက်ကလေးကိုဆွဲကာ ကားဆီခေါ်လာခဲ့သည်။ သူတို့ တဦးကိုတဦး လက်တွဲထားတိုင်း အင်အားတွေ ပိုရှိလာသည်ကိုတော့ နှစ်ဦးသား သတိထားမိသည်။ မြတ်နိုးက သူ ကားမောင်းနေစဉ် ပုခုံးပေါ် ခေါင်းကလေးမှီကာ လိုက်ပါလာသည်။ မြတ်နိုးတို့ အခန်းကိုရောက်တော့ သူက တံခါးဖွင့်ပေး ...အအေးဖျော်ပေးကာ အလုပ်များသွားသည်။ မြတ်နိုးကို အင်္ကျီလဲပေးသည်။ မြတ်နိုးကတော့ သူ ပြုသမျှ ငြိမ်ခံနေရင်း မရိုးနိုင်သော အပြုံးလေးဖြင့် ကြည့်နေလေသည်။ သူတို့နှစ်ယောက် အတူတူ ထမင်းချက်စားကြသည်။ဟင်းကတော့ ရှိတာနဲ့ပဲပေါ့ ... ဒါပေမယ့် ဘာနဲ့မှမတူအောင် စားလို့ကောင်းနေသည်။ စားသောက်ပြီးတော့ ပန်းကန်တွေကို အတူတူဆေး၊ ပြီးတော့ အိမ်ရှေ့တွင်ထိုင်ကာ ကာရာအိုကေဆိုကြသည်။ မြတ်နိုးက တကိုယ်လုံးနာနေသည် ပြော၍ နှိပ်ပေးရသေးသည်။ ဒီကောင်မလေး ခုတလော ဘယ်လို ဖြစ်တာလဲ မသိ ... ဟိုကနာသည် ဒီကနာသည်ဟု ခဏခဏပြောနေသည်။ ပင်ပန်းလို့ ထင်ပါရဲ့လေ ဟုသာ သူတွေးလိုက်သည်။ သူ မြတ်နိုးကို နှိပ်တော့ မြတ်နိုးက မျက်လုံးလေးစင်းကာ ငြိမ်ခံနေသည်။ ဒီ ပျော်စရာလေးတွေ၊ ကြည်နူးမှုလေးတွေက ဘယ်အချိန်အထိ တည်မြဲနေမှာလဲ .....။
ကျောင်းသွားလည်းအတူတူ ... အိမ်ပြန်လည်းအတူတူ ... ဒီရက်ပိုင်းအတွင်းမှာ မေမိုးဘက်ကို မလှည့်နိုင်အောင်ကို ဖြစ်နေရလေသည်။ မြတ်နိုးကလည်း ကြွက်သားတွေနာတယ် ... အဆစ်တွေ ကိုက်တယ်ဆိုတာတွေ ဖြစ်နေသည်။ သူ စိုးရိမ်တကြီး အကိုက်အခဲပျောက်ဆေးတွေ ဝယ်တိုက်၊ နှိပ်ပေး ...ပြုစုစောင့်ရှောက်နေရသည်။ မြတ်နိုးကတော့ ရပါတယ် ကိုရယ် ဟုဆိုသော်လည်း သူ့မျက်စိအောက်မှာ ဒီလိုအနေအထားကို သားသား ဘယ်ကြည့်နိုင်မလဲလေ ...။
ဒီလိုနဲ့ သူတို့တွေ တဦးကိုတဦး အပြန်အလှန် ကူညီဖေးမရင်း၊ အတူတူ စာကျက်ရင်း၊ ကျောင်းတက်ရင်း စာမေးပွဲကြီးလည်း နီးလာခဲ့လေပြီ။ စာမေးပွဲနီးတော့ မေမိုးကပါ သူတို့နဲ့ အတူတူ စာကျက်ချင်တယ်ဆိုတာနဲ့ စာကျက်ဝိုင်းကလေးတခု ဖြစ်လာသည်။ အားလုံး ပျော်ပျော်ရွငှ်ရွငှ် ဆွေးနွေးတိုင်ပင်ရင်းနှင့်ပင် စာတွေက အခက်အခဲမရှိသလောက် ဖြစ်လာခဲ့သည်။ တနေ့မှာတော့ သူ မြတ်နိုးကို အိမ်ပေါ်တွင်ထားခဲ့ကာ လမ်းထိပ်ထွက်ပြီး ဟင်းဝယ်သည်။ ဆယ့်ငါးမိနစ်လောက်အကြာ သူပြန်လာတော့ မြတ်နိုးတယောက် မောပန်းစွာ အသက်ရှူနေရတာ တွေ့ရသည်။ သူ အလန့်တကြားဖြစ်ကာ ယပ်ခတ်ပေး၊ ရှူဆေးယူပေးနှင့် ၀ရန်တာသို့ တွဲခေါ်လာခဲ့သည်။ ခဏနေမှ သက်သာသွားကာ ‘‘မြတ်နိုး ဘာမှမဖြစ်တော့ပါဘူး ကိုရယ်’’ဟု ပြောသည်။ ထိုအခါမှ သူလည်း စိတ်သက်သာရာရသွားလေတော့သည်။
ခုတလောတော့ မြတ်နိုး သက်သာနေပုံရသည်။ စာမေးပွဲဖြေရန်ကလည်း တပတ်သာ လိုတော့သည်။ သူတို့ ညနေတိုင်း သုံးယောက်အတူတူ စာစုကျက်သည်။ မေမိုးပြောသော ရယ်စရာလေးတွေကြားမှာ မြတ်နိုးတယောက် ပျော်ရွငှ်ရယ်မောနေတာတွေ့တော့ သူတို့ သုံးယောက်အတူတူ နေကြရရင်၊ မိန်းကလေးနှစ်ယောက်ကလည်း တယောက်ကိုတယောက် နားလည်ကြရင် ကောင်းမှာပဲလို့ သားသား လောဘကြီးစွာတွေးမိလေသည်။ သို့သော် ဘယ်ဖြစ်နိုင်ပါ့မလဲလေ ...။ တနေ့တော့ မြတ်နိုးက သူ့ကို မေးသည်။ မေမိုးအကြောင်းဖြစ်လေသည်။
‘‘ ကို ... မေမိုးကို သတိထားမိလား ...’’
‘‘ အင် ... ဘာဖြစ်လို့လဲ ’’
‘‘ ကို့ကို သူ စိတ်ဝင်စားနေသလားလို့ ...’’
‘‘ မဖြစ်နိုင်ပါဘူး မြတ်နိုးရယ် ...ကိုယ့်မှာ မြတ်နိုးရှိတာလဲ သူသိနေတာပဲ ’’
‘‘ ဒါပေမယ့် မြတ်နိုး စိတ်ထဲမှာ အဲဒီလို ထင်နေသလိုပဲ ... မိန်းကလေးချင်းဆိုတော့ သိတယ် ’’
‘‘ ဘာပဲဖြစ်ဖြစ်ပါ မြတ်နိုးရယ် ... ကိုယ်ကတော့ မြတ်နိုးတယောက်ထဲကို ဆိုတာ ... မြတ်နိုး သိပါတယ်ကွာ
...နော် ’’
‘‘ အင်းလေ ... ဒါပေမယ့် မြတ်နိုး ထင်သလိုသာ ဖြစ်နေခဲ့ရင် မေမိုး သနားပါတယ်နော် ...’’
‘‘ ထားလိုက်ပါ မြတ်နိုးရယ် ...အားလုံး အချိန်တန်ရင် ပြီးဆုံးသွားမှာပါ ’’
သူ မြတ်နိုးကို ဖွဖွလေး ဖက်ထားလိုက်သည်။ အင်း ... ရှေ့လျှောက် ဘယ်လိုလုပ်ရမလဲ ဟုတွေးကာ သူ စိတ်တွေလေးလာသည်။ ဘယ်နေ့အထိ သူ ဟန်ဆောင်ထားနိုင်မလဲလေ ...။
ဒီလိုနဲ့ စာမေးပွဲတွေ ဖြေကြရလေပြီ။ သားသားတယောက်ကတော့ အခက်အခဲမရှိသော်လည်း ပူပင်သောကများနှင့် မြတ်နိုးကတော့ ကျေနပ်လောက်အောင်မဖြေနိုင်။ မေမိုးကိုမေးကြည့်တော့ ပုံမှန်လောက်ပါပဲတဲ့ ...။
ရေးဖြေစာမေးပွဲများပြီးဆုံးသွားတော့ အားလုံးကြောက်ကြသည့် ဗိုင်ဗာ လာပါပြီ။ ဆရာများက မည်သို့ပင် သက်ညှာ သော်လည်း အနည်းနှင့်အများတော့ ပရက်ရှာဝင်ကြသည်ချည်းဖြစ်သည်။ စာမေးပွဲရက်အတွင်း သူ မြတ်နိုးအိမ်၌ပင် နေသည်။ တနေ့ မြတ်နိုး နောက်ဖက်ဝင်နေတုန်း မေမိုးက မကျေနပ်သည့်ပုံစံလေးဖြင့် မဲ့ကာရွဲ့ကာပြောသည်။ ‘‘မောင် ...မေမိုးကို မေ့နေပြီပေါ့လေ ...’’တဲ့။ စာမေးပွဲဖြေနေတုန်း ဒါလည်း စိတ်အနှောင့်အယှက်ဖြစ်ရသည့် တကြောင်းပင်ဖြစ်သည်။ သူ မေမိုးက ဘာမှပြန်မပြော စာကိုသာကြည့်နေလိုက်သည်။ ခဏနေတော့ မြတ်နိုးပြန်ထွက်လာသည်။ မကြာမီပင် မေမိုးက ပြန်တော့မည်ဟုပြောလေသည်။ ‘‘ ဘာဖြစ်လို့လဲ ...မေမိုး ’’ မြတ်နိုးကမေးသည်။
‘‘ ဘာမှမဖြစ်ပါဘူးဟာ ...’’
‘‘ တယောက်ထဲ ကျက်ဖြစ်တော့မယ်ပေါ့လေ ...’’
‘‘ နင်နော် ...’’
‘‘ နောက်တာပါ မေမိုးရယ် ...တယောက်ထဲ စာကျက်ချင်ရင်လည်း ပြန်လို့ပြောတာပါဟယ် ’’ ‘‘ အေးပါ ...နောက်နေ့မှပဲ လာခဲ့တော့မယ် ’’
ဒီလိုနဲ့ နောက်တရက်လည်း မေမိုးရောက်မလာခဲ့ပါ ...။ ဖုန်းဆက်ကြည့်တော့ အခန်းအောင်းပြီး စာကျက်နေသည် ဆိုပဲ။ ထို့ကြောင့် သူတို့ မရမက မခေါ်တော့ပဲ နှစ်ဦးတည်းသာ စာကြည့်ရသည်။ ဒီရက်ပိုင်းအတွင်းတော့ သားသားရော မြတ်နိုးပါ စာမှလွဲ၍ ဘာမှလုပ်မရအောင်ဖြစ်နေသည်။ ဟုတ်သည် ဟိုကိစ္စတွေလွန်ကဲပြီး စာမေးပွဲမဖြေနိုင်မှခက်မည်လေ။
စာမေးပွဲဖြေပြီးသွားသည်အထိ မေမိုး အိမ်ကို တရက်သာ ခဏလာသည်။ ကျန်ခဲ့တဲ့ စာအုပ်တွေလာယူခြင်းဖြစ်သည်။ စာမေးပွဲပြီးတဲ့ညနေ ...သူတို့ သုံးယောက်သား လျှောက်သွားကြမယ်လို့ မေမိုးဆီဖုန်းဆက်ချိန်းပြီး မြတ်နိုးက သွားခေါ်သည်။ သားသားကတော့ အိမ်၌သာ စောင့်နေလိုက်သည်။ မိန်းကလေးနှစ်ဦးရောက်လာတော့ သူ အောက်ဆင်းလာခဲ့သည်။
ပြီးမှ သူတို့ ကျောက်မြောင်းဘက် သွားစားကြမည်ဟု ဆိုသဖြင့် သွားကြသည်။ မိန်းကလေးနှစ်ဦးက ရှေ့ခန်းက၊ သူက နောက်ခန်းက ထိုင်သည်။ မြတ်နိုးကတော့ သူ့ကို အဓိပ္ပါယ်ပါပါ ကြည့်သည်။ သူက မသိမသာ ပုခုံးတွန့်ပြလိုက်ရင်း နောက်မှီတွင် ခပ်လျောလျောမှီလိုက်လေသည်။
ကျောက်မြောင်းရောက်တော့ တုတ်ထိုးဆိုင်၊ အသုတ်ဆိုင်၊ အကြော်ဆိုင်စသည်ဖြင့် သားသားစိတ်ညစ်လောက်အောင် မြတ်နိုးနှင့်မေမိုးတို့က လျှောက်ဝင်ကြသည်။ သူကတော့ နောက်က တကောက်ကောက်လျှောက်လိုက်ရင်း အသက်မပါသလို ဖြစ်နေလေသည်။ နောက်ဆုံး မမ နှစ်ယောက် သွားလို့ စားလို့ ကျေနပ်တော့ ညနေ ၆နာရီခွဲနေပြီ။ ပြန်ဖို့လုပ်တော့ မြတ်နိုးက ပညာပြသည်။ သားသားကို မောင်းခိုင်းကာ သူက ဘေးခုံတွင် ဝင်ထိုင်လိုက်သည်။ ဒီတော့ မေမိုးက အလိုအလျောက် နောက်ခန်းရောက်သွားရသည်ပေါ့ ...။ ပထမဆုံး မေမိုးကို အိမ်ပြန်ပို့မည်ဟုပြောကာ ကျောက်မြောင်းထဲမှ ပြန်ထွက်လာခဲ့သည်။ လမ်းတွင် မြတ်နိုးက သူ့လက်မောင်းပေါ်မှီကာ လိုက်လာရင်း နောက်မှ မေမိုးကို လှမ်းပြောသည်။
‘‘ ဟဲ့ မေမိုး ...’’
‘‘ အင် ...မြတ်နိုး ဘာလဲ ...’’
‘‘ အားမကျဘူးလားလို့ ...’’
‘‘ တော်ပါ ...စိတ်ပျက်လို့ ...’’
‘‘ ဟုတ်ပါ့မလားဟယ် ...ရည်းစားမရှိသေးတာ စိတ်ပျက်တာနေမှာပါ ...စိတ်ချ သူငယ်ချင်း၊ တို့နှစ်ယောက် ယောက်ျားလေးမွေးမှ နင်နဲ့ပေးစားမယ် ...’’
သားသား နောက်ကြည့်မှန်မှတဆင့် မေမိုးကိုလှမ်းကြည့်လိုက်တော့ မျက်နှာက မှုန်မှိုင်းနေသည်။ မြတ်နိုးကို အသာ လက်ကုတ်ကာ မစဖို့ပြောလိုက်ရသည်။ ဒီလိုနဲ့ မေမိုးတို့အိမ် ရောက်ကာနီးလာပြီ ...။ သားသား သူ့ဘေးမှ တုန်ခါသောအတွေ့ကြောင့် အလန့်တကြားလှည့်ကြည့်လိုက်တော့ မြတ်နိုးတယောက် အသက်ကို ခဲယဉ်းစွာ ရှူနေရသည်ကို တွေ့ရသည်။ တပြိုင်တည်းလိုပင် မေမိုးလည်း သတိပြုမိကာ ...
‘‘ ဟဲ့ ...အောင်ကျော်သူ ...ဆေးခန်းကို မောင်းလေ ...’’ သားသားလည်း မေမိုးအသံကြားမှ သတိဝင်လာကာ နီးနီးနားနား အက်စ်အက်စ်စီသို့ မောင်းသည်။ မေမိုးက နောက်မှနေကာ မြတ်နိုးထိုင်ခုံကို လှန်လိုက်ကာ ယပ်ခတ်ပေးနေသည်။ ပြတင်းပေါက်များကိုလည်း ဖွင့်လိုက်သည်။ ဆယ်မိနစ်လောက်ကြာတော့ ဆေးခန်းကိုရောက်သည်။ သားသား ဆေးခန်းထဲ အပြေးဝင်သွားကာ စတပ်ဖ်များကိုခေါ်ပြီး ပြန်ထွက်လာသည်။ နောက်တော့ မြတ်နိုးကို တွန်းလှည်းပေါ်တင်ကာ ခေါ်သွားကြသည်။ သူ ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေချိန်တွင် မေမိုးကတော့ လူနာစာအုပ် လုပ်နေသည်။ တော်သေးတာပေါ့ ... သူပါလို့ဟု သားသားတွေးလိုက်သည်။ သူတို့ ထိုင်စောင့်နေကြရင်း ခဏနေတော့မှ လူနာကို တွေ့လို့ရပြီဟု လာခေါ်သဖြင့် သူတို့ အပြေးကလေး လိုက်သွားကြသည်။ မြတ်နိုးက စမ်းသပ်ခန်းထဲရှိ ကုတင်ပေါ်တွင် ခပ်ဖျော့ဖျော့ကလေး လဲလျောင်းနေသော မြတ်နိုးကို တွေ့ရလေ၏။ သားသားတို့ ဝင်လာတော့ မြတ်နိုးက မျက်နှာကြက်ကိုသာ အဓိပ္ပါယ်မဲ့စွာ ကြည့်နေသည်။ အနားသွားပြီး မေမိုးက လက်ကလေး တဖက်ကို ကိုင်လိုက်မှာ သူတို့ဘက်လှည့်လာသည်။ မေမိုးက ဘေးကနေ
နှစ်သိမ့်ပေးနေတုန်းမှာ သားသား ပြန်ထွက်ခဲ့သည်။ ထို့နောက် မြတ်နိုးကို ကုသပေးခဲ့သော ဆရာဝန်နှင့် ဝင်တွေ့သည်။
‘‘ ဝင်ခွင့်ပြုပါ ဆရာ ...’’
‘‘ သြော် ...လာပါ ...ဘာများလဲ မသိဘူး ’’
‘‘ ကျွန်တော် မမြတ်နိုးရဲ့ လူနာရှင်ပါ ဆရာ ...’’
‘‘ သူနဲ့ ခင်ဗျားနဲ့က ...’’
‘‘ ကျွန်တော် သူ့အမျိုးသားပါ ဆရာ ...’’
‘‘ သြော် ...ဟုတ်ကဲ့ ...’’
‘‘ ခု ...မြတ်နိုး အခြေအနေ ဘယ်လိုရှိပါသလဲ ဆရာ ...’’
‘‘ အင်း ...ခုလိုဖြစ်တာ ကြာပြီလား ...’’
‘‘ ကျွန်တော်သိသလောက်ဆိုရင် နှစ်ခါရှိပြီ ဆရာ ...’’
‘‘ အင်း ...ခုဟာက ဟာ့ထ်အတက်လို့ပဲ ကောက်ချက်ချရမလိုပဲ ...မက်ဒီကယ်လ်ချက်ကပ် လုပ်ကြည့်ရင် ကောင်းမယ်လို့ ကျွန်တော် သဘောရတယ် ...’’
‘‘ ခုလား ဆရာ ...’’
‘‘ ရပါတယ် ...ခင်ဗျားတို့ အဆင်ပြေမယ့်အချိန်ပေါ့ ...’’
‘‘ ဟုတ်ကဲ့ ဆရာ ...ဒါဆို ကျွန်တော် တရက်အချိန်ယူပြီး လာခဲ့ပါ့မယ် ...’’ သူတို့ ထို့နေ့က တိတ်ဆိတ်စွာပင် ပြန်လာခဲ့သည်။ မြတ်နိုးအိမ်အထိ မေမိုးက လိုက်ခဲ့ပြီးရောက်မှ တက္ကစီဖြင့် ပြန်သွားသည်။
သူ ထိုနေ့ တညလုံး မြတ်နိုးအနားမှာ နေပေးရင်း၊ ပြုစုယုယနေမိသည်။ မြတ်နိုးမျက်နှာလေးက ညှိုးနွမ်းနေသည်က လွဲလို့၊ ထိုတညလုံး မြတ်နိုးကိုကြည့်ရသည်မှာ ဘာမှ ထူးထူးခြားခြား ဖြစ်နေပုံမရပေ။ ထိုနေ့ညက မြတ်နိုး၏မေမေက ဖုန်းဆက်သည်။ စာမေးပွဲပြီးသွားပြီဆိုတော့ ပြန်လာခဲ့ပါလားတဲ့။ မနက်ဖြန် ရန်ကုန်ကို ကိစ္စတခုနဲ့ သူလာဖို့ရှိသည်တဲ့။ အဲဒါ အပြန်ကျရင် ပြန်လိုက်ခဲ့ဖို့ ပြောသည်။ သားသားလည်း ဖုန်းပြောနေစဉ်အတွင်း ဘေးမှာ ရှိနေသည်။ ဖုန်းချလိုက်တော့ သူက မြတ်နိုးကို မေးသည်။
‘‘ မြတ်နိုး ပြန်လိုက်သွားမယ်ပေါ့ ...’’
‘‘ အင်းလေ ...မေမေလည်း ဟိုမှာ တယောက်ထဲမလား ’’
‘‘ မြတ်နိုး ဆေးစစ်ဖို့ရှိသေးတယ်လေ ...’’
‘‘ အင်း ...ဟုတ်တော့ဟုတ်တယ်၊ ရပါတယ် ကိုရယ်၊ မြတ်နိုးက ဘာမှ သိပ်ဖြစ်တာမဟုတ်ပါဘူး၊ နောက်လ လောက်ကျမှ မြတ်နိုး တခေါက်ပြန်လာခဲ့မယ်လေ ...အဲတော့မှ စစ်တာပေါ့နော် ’’
‘‘ မြတ်နိုးသဘောပါ ...ကိုယ်က စိုးရိမ်လို့ ...’’
‘‘ အဲဒါတွေကြောင့် ချစ်ရတာ ...’’ မြတ်နိုးက သားသားပါးပြင်ကို နမ်းလိုက်ရင်း ပြောသည်။
ဒီလိုနဲ့ နောက်တနေ့ မနက်ကျတော့ သားသားတယောက် မြတ်နိုးအိမ်က ဆုတ်ခွာဖို့ပြင်ရသည်။ သူ့အမေ လာမှာ ဆိုတော့ သူတို့ ဒီလိုနေကြတာကို သိသွားလို့က မကောင်း။ သိလျှင်လည်းသိ ...မြင်တော့ မမြင်စေချင်ပေ ...။ သူ့အခန်း ပြန်ရောက်တော့ ဖုန်တွေ ပင့်ကူအိမ်တွေနှင့် မနည်းရှင်းယူရသည်။ ဘေစင်ထဲမှာလည်း ဘယ်တုန်းက အကြွင်းအကျန်တွေလည်း မပြောတတ်။ ဒါတွေကိုတော့ ရှင်းမနေတော့၊ ပစ်လို့ရတာမှန်သမျှ အမှိုက်ပုံးထဲ ထည့်လိုက်သည်။ နောက်မှပဲ ပစ်တော့မည်။
နေ့ခင်းရောက်တော့မှ သူ တခန်းလုံးကို ရှင်းပြီးသွားသည်။ အိမ်ရှေ့မှာ အေးအေးဆေးဆေး ခြေပစ်လက်ပစ် ထိုင်ချ လိုက်တော့ ခေါင်းလောင်းသံကိုကြားရသည်။ ဖုန်းလာသည်တဲ့ ...။ ဖုန်းဆိုင်ရောက်လို့ ဖုန်းကိုင်လိုက်တော့ မြတ်နိုးဖြစ်နေသည်။
‘‘ ကို ...လား ’’
‘‘ အင်း မြတ်နိုး ...ပြော ’’
‘‘ ဘယ်လိုလဲ အသံကြီးက ...’’
‘‘ မောလို့ပါ မြတ်နိုးရယ် ...အိမ်က အမှိုက်ပုံကို တော်တော်ရှင်းယူလိုက်ရလို့ ...’’
‘‘ ကိုယ့်အိမ် ကိုယ်မနေဘဲ သူများအိမ် လျှောက်နေတာကိုး ...နောက်မှ ဆုံးမရမယ် ’’
‘‘ ဝှူး ...ခု ဘာပြောမလို့လဲ မြတ်နိုး ...’’
‘‘ သြော် ...မေမေရောက်ပြီလေ၊ မေမေက ဒီမှာ မြတ်နိုးတယောက်ထဲ နေတုန်း ကူညီပေးတဲ့အတွက် ကျေးဇူး တင်ကြောင်း ပြောချင်လို့တဲ့၊ အဲဒါ ...ညနေကျ လာခေါ်မယ်၊ တခုခုလဲ သွားစားရင်းပေါ့ ...’’
‘‘ အင်းလေ ...ကိုယ် စောင့်နေမယ် ’’
‘‘ အဲ ...တခုမှာထားရဦးမယ် ...’’
‘‘ ဘာလဲ မြတ်နိုးရဲ့ ...’’
‘‘ ဟာဟ ...ဘာမှမဟုတ်ပါဘူး၊ မေမေ့ရှေ့မှာ အနေအထိုင် ဆင်ခြင်လို့ ...ဒါပဲ ...’’
‘‘ တယ် ...ဒီကလေးမ ...ကဲ ဒါဆိုဒါပဲ ’’ ညနေကျတော့ မြတ်နိုးတို့သားအမိ ရောက်လာသည်။ အောက်က ခေါင်းလောင်းကြိုးဆွဲမှ သူအဝတ်အစား အမြန် လဲပြီး ဆင်းလာခဲ့သည်။ နောက်ခန်းတွင် ဝင်ထိုင်လိုက်ပြီး ကားလေးက ငြိမ့်ကနဲထွက်သွားသည်။ သူတို့ ရှမ်းကန် ၃ ကို မောင်းလာခဲ့ကြသည်။ မြတ်နိုးမေမေက ဦးဆောင်က မှာထားသော စားပွဲသို့သွားသည်။ စားစရာများမလာခင် မြတ်နိုးမေမေက ကျေးဇူးတင်ကြောင်း၊ မြတ်နိုးကိုလည်း ညီမလေးတယောက်လို စောင့်ရှောက်ဖို့ အကြောင်း စသည်ဖြင့် စီကာပတ်ကုံးပြောသည်။ မြတ်နိုးဘက်လှည့်ကြည့်လိုက်တော့ ကောင်မလေးက လျှာထုတ်ပြသည်။ သားသား ကတိတွေ အထပ်ထပ်ပေးလိုက်ပြီး စားစရာတွေရောက်လာတော့ အားလုံးစားကြသည်။ သားသားတယောက် ယောက်ခမလောင်းကြီးရှေ့တွင် ရောက်နေရတော့ အနည်းငယ် အနေကျုံ့သည်မှတပါး အားလုံး အဆင်ပြေပါသည်။ စားသောက်ပြီးတော့မှ သူ့ကိုပြန်ပို့သည်။ ဘယ်တော့ပြန်မလဲ မေးကြည့်တော့ မနက်ဖြန်တဲ့ ...။ အင်းလေ ...
ဒီလိုပဲ အချိန်တွေ ကုန်ရဦးမှာပဲဟု သားသား တွေးလိုက်မိသည်။ နောက်တစ်ရက်ရောက်တော့ မြတ်နိုးတို့သားအမိ သူတို့ကားဖြင့်ပင် နယ်သို့ပြန်သွားသည်။ သားသားတယောက် ငေါင်ကျန်ရစ်ခဲ့သည်။ ပထမတစ်ရက်တော့ အိမ်ထဲပဲ အောင်းနေလိုက်သည်။ မြတ်နိုးကို ချစ်စိတ်ကလည်း မေမိုးဆီသို့ မသွားဖြစ်အောင်တားထားသည်။ အလွမ်းဝေဒနာကို အိပ်စက်ခြင်းဖြင့်သာ ကုစားနေရသည်။ သို့သော် ထို အလွမ်းဆိုသော အရာက အိပ်မက်ထဲအထိ လိုက်လံနှိပ်စက်လေသည်။ လွမ်းရပါလား မြတ်နိုးရယ်
...။
အိပ်တဝက် နိုးတဝက်ဖြင့် ဘယ်လိုဘယ်ပုံ မိုးလင်းသွားသည် မပြောတတ်။ ကျောင်းပိတ်ထားသည်လည်းဖြစ်၍ ဘယ်မှလည်း သွားစရာမရှိ။ သားသားစိတ်တွေ ထိန်းမရတော့ ...။ သည်တော့ စိတ်ဖြေသည့်အနေဖြင့် မေမိုးထံသွားရန် ဆုံးဖြတ်လိုက်သည်။ မေမိုးဆီ ဖုန်းဆက်တော့ မအားဘူးလို့ပြောသည်။ တနေ့ခင်းလုံး ဘာအလုပ်မှလည်းမရှိသဖြင့်။ လမ်းထဲမှ ဂိမ်းဆိုင်တွင် သွားဆော့နေလိုက်သည်။
ညနေကျတော့မှ ဂိမ်းဆိုင်က ထပြန်ခဲ့သည်။ ယောင်ချာချာ တယောက်ထဲပါပဲ မြတ်နိုးရယ် ...ဟု သူညည်းမိသည်။ မေမိုးဆီ ဖုန်းသွားဆက်သည်။ ဖုန်းမကိုင်၊ သူ ဘာလုပ်ရမှန်းမသိ ...အရင်က အမြဲလို အိမ်မှာရှိတဲ့ မေမိုး ဘယ်တွေများ သွားနေသလဲ ...။
သူ လမ်းထိပ် စားသောက်ဆိုင်သို့ ထွက်လာကာ စိတ်ပြေလက်ပျောက် သောက်ရန် စီစဉ်သည်။ စားပွဲထိုးလေးက ဂရန်းတစ်တောင့်နှင့် ကိုလာ၊ ရေခဲ တို့ကို အရင်လာချပေးသည်။ သူ ဖန်ခွက်ပြည့်အောင် ထည့်လိုက်ပြီး ကိုလာနှင့်စပ်ကာ တရှိန်ထိုး မော့ချလိုက်သည်။ ခဏနေတော့ အမြည်းရောက်လာသည်။ မေမိုးလည်းရောက်လာသည်။
‘‘ ဟင် ...မေမိုး ’’
‘‘ ဘာလဲ ...အံ့သြသွားလား ’’
‘‘ ဘယ်လိုလုပ် ...’’
‘‘ မောင့်ကို နောက်ချင်တာနဲ့ ညနေက ဖုန်းမကိုင်တာ၊ ကော်လာအိုင်ဒီ တပ်လိုက်တယ်လေ၊ နောက်မှ ပြန်ဆက်မယ်လို့ တွေးပေမယ့် မောင် စိတ်ပူနေမှာ စိုးတာနဲ့ ကိုယ်တိုင်လာခဲ့တာ ’’
‘‘ ဒီမှာရှိတာ ဘယ်လိုသိလဲ ’’
‘‘ မေမိုး ကားနဲ့မောင်းသွားရင်း ဒီရှေ့ကအဖြတ် ရိပ်ကနဲ မြင်လိုက်တယ်လေ၊ ဒါပေမယ့် မဟုတ်လောက်ဘူး ထင်ပြီး အိမ်ဘက် သွားနေတာ၊ ပြီးမှ မရှိတာနဲ့ သေချာပြီဆိုပြီး လိုက်လာတာ ’’
‘‘ သြော် ...’’
‘‘ မောင်နော် ...ပျက်စီးနေတယ်ပေါ့၊ သောက်တာတော့ သောက်ပေါ့လေ ...မေမိုး မတားပါဘူး၊ အလွန်အကျွံ မဖြစ်ရင်ပြီးတာပဲ၊ ဒါနဲ့ မေမေကတောင် မောင့်အကြောင်း မေးသေးတယ် ’’
‘‘ အင်း ...’’
‘‘ ဘာဖြစ်နေတာလဲ ...’’
‘‘ ဒီလိုပါပဲ မေမိုးရယ် ’’
ပြောရင်းဆိုရင်းနှင့် သားသား အနည်းငယ် လျှာလုံးလာသည်။ မေမိုးက ...
‘‘ ကြည့် ...သူတယောက်တည်း စားနေတာပဲ ...မေမိုးကိုတောင် မကျွေးတော့ဘူးလား ’’
‘‘ မေမိုးသောက်ချင်ရင် အရက်တော့ရှိတယ် ’’
‘‘ မောင်တိုက်တယ်ဆိုရင် မေမိုး သောက်မှာပါ ...’’ ‘‘ နောက်တာပါ မေမိုးရယ် ...မေမိုးစားချင်တာ မှာလေ ’’ စားပွဲထိုးကို မေမိုးက လှမ်းခေါ်သည်။ ရောက်လာတော့ ကြေးအိုးဆီချက် တစ်ပွဲမှာသည်။
‘‘ မောင် ...’’
‘‘ ဘာလဲ မေမိုး ’’
‘‘ တော်တော့လေကွာ ...မောင်သောက်တာ များနေပြီ ’’
‘‘ အင်းပါ ...ဒီတစ်ခွက်နောက်ဆုံးပဲ ’’ ‘‘ အဲဒီလို လိမ္မာလို့ ချစ်ရတာ ...’’ များမကြာမီ စားပွဲထိုးက ကြေးအိုးဆီချက် လာချပေးသည်။ မေမိုးက တူကလေးဖြင့် သူ့ကို အသားဖတ်လေးများ ခွံ့ပေးသည်။ သူက ပါးစပ်ဟပေးကာ ခံယူလိုက်ရင်း စိတ်က ပုံမှန်အနေအထားသို့ ပြန်ရောက်လာသည်။ သူ့စိတ်ထင် မေမိုးက သူ့ကို အသားဖတ်တွေပဲ ရွေးကျွေးသည် ထင်သည်။ မေမိုးကိုကြည့်လိုက်တော့ ကြာဇံတွေ ကိုသာ စားနေသည်ကို တွေ့လိုက်ရသည်။ ဒါကို မြင်ရတော့ သားသား စားပွဲထိုးကု ခေါ်ကာ နောက်တစ်ပွဲထပ်မှာသည်။ ‘‘ မောင် ...မ၀သေးဘူးလား ’’
‘‘ အင်း ...’’
သားသား ခေါင်းညိတ်ပြလိုက်သည်။ ရောက်လာတော့ မေမိုးစားနေသော ပန်းကန်ထဲကို ကြာဇံနည်းနည်းနှင့် အသားများများ ထည့်ပေးလိုက်သည်။ ‘‘ မှတ်ပြီလား ...လက်စားပြန်ချေတာ ’’
‘‘ သြော် ...မောင်ရယ် ’’
‘‘ စားလေ မေမိုး ...ခုန တစ်ပွဲတုန်းက မောင်ကချည်း အကောင်းကြိုက်တတ်သလို ဖြစ်နေလို့ ’’ စားသောက်ပြီးတော့ သူ ပိုက်ဆံရှင်းနေတုန်း မေမိုးက ကားထဲက သွားစောင့်နေသည်။ သူ့ကို မှတ်မိသော စားပွဲထိုးလေးက ‘‘ အစ်ကိုကြီးက တတ်လည်းတတ်နိုင်တယ် ’’ ဆိုပဲ။ သူ တချက်ရယ်ပြလိုက်ကာ ‘‘ ရှူးတိုးတိုး’’
ဟုပြောရင်း ဆိုင်တွင်းမှ ထွက်ခဲ့တော့သည်။ သူတို့ ထိုနေ့ညက လျှောက်လည်ပြီး ညဆယ်နာရီမှ အိမ်ပြန်ရောက်သည်။ မေမိုးအနားမှာ မရှိသည့်အချိန်မှစ၍ မြတ်နိုးကို ပြန်သတိရနေပြန်သည်။ ခက်သည် ...သူ့နှလုံးသားကို သူကိုယ်တိုင်ပင် မယုံရဲဖြစ်နေသည်။ အပြောင်းအလဲ မြန်လွန်းလှ၍ ...။
ကိုယ်ကိုယ်တိုင်က စိတ်မခိုင်တာပါ မြတ်နိုးရယ် ...ဟုလည်း ညည်းမိသည်။ နောက်ဆုံးတော့ အလွမ်းများစွာနှင့် ရောက်တတ်ရာရာ စဉ်းစားရင်း အိပ်ပျော်သွားခဲ့သည်။ နောက်တစ်နေ့မနက်ကျတော့ ဖုန်းလာသည်။ သွားကိုင်လိုက်တော့ ဦးလေးဝမ်းကွဲတစ်ယောက် စင်ကာပူနေ၍ လှမ်းဆက်နေခြင်းဖြစ်သည်။ ကျောင်းပိတ်ထားတုန်း အလည်လာပါလားတဲ့ သူ စပွန်ဆာလုပ်ပြီး ခေါ်မည်ဟု ပြောသည်။ သားသားလည်း စိတ်လေနေသည်နှင့် အတူတူ၊ မထူပါဘူးဟု တွေးကာ သွားလည်ရန် ဆုံးဖြတ်လိုက်သည်။ ထိုနေ့မှစ၍ သူအလုပ်များတော့သည်။ ပတ်စ်ပို့ကလည်း မရှိ။ ဘာမှလည်း ပြင်ဆင်မထားရသေး။ သို့သော် စိုးကျော်အောင်က ကူညီသဖြင့် တော်သေးသည်။ စိုးကျော်အောင်တို့ ဘိုးတော်က အင်မီဂရေးရှင်းက အော်ဖစ်ဆာ ...။ သူ့ လမ်းကြောင်းဖြင့်ပင် ပတ်စ်ပို့ကို တစ်ပတ်အတွင်း ရခဲ့သည်။ သွားရသည့် နေရာတွေကတော့ များမှများ၊ မေမိုးက ကားတစ်စီးဖြင့် လိုက်လံပို့ဆောင်ပေး၍သာ တော်သေးတော့သည်။ အတိုချုပ် ဆိုရလျှင်တော့ ဆယ်ရက်အကြာတွင် သားသားတယောက် စင်ကာပူမြေသို့ ခြေချနိုင်ခဲ့လေသည်။ သူ့ဦးလေးက ချန်ဂီလေဆိပ်တွင် လာစောင့်နေသည်။ သူ့ကိုမြင်တော့ ဝမ်းသာအားရ လက်ဝှေ့ယမ်းပြသည်။ လေဆိပ်မှနေ၍ တက္ကစီဖြင့် ဦးလေးအိမ်သို့ သွားကြသည်။
သည်ဦးလေးက ဦးလေးဆိုပေမယ့် သူ့ထက် ဆယ်နှစ်ခန့်သာကြီးသည်။ အမေ့မောင် အငယ်ဆုံးဖြစ်ပြီး သူ့အမေက မောင်နှစ်မထဲတွင် အကြီးဆုံးဖြစ်သည်။ ထို့ကြောင့် သူ့ဦးလေးနှင့်သူက အသက်သိပ်မကွာ။ မြန်မာပြည်မှာရှိစဉ်တည်းက သူတို့ တူဝရီး လည်ပင်းဖက်ပေါင်းခဲ့ကြသည်။ ကဲခဲ့ကြသည်၊ အတွဲညီကြသည်ပေါ့။ ခု ဦးလေးက ဒီမှာ အခြေကျ၍ သူ့ကို သတိတရ ခေါ်ယူခြင်းဖြစ်သည်။
သည်လိုနှင့် စင်ကာပူတွင် သူလည်ပတ်ခဲ့ရသည်။ ဦးလေးကလည်း အလုပ်မှ ခွင့်တစ်ပတ်ယူထား၍ သူကြားဖူးသမျှ သွားချင်သည့် နေရာများကို လိုက်ပို့သည်။ အခုလို လည်ရပတ်ရတော့ သူ့နားမှာ ရှိနေတတ်သည့် မိန်းကလေးနှစ်ယောက်ကို သတိရမိပြန်သည်။ အထူးသဖြင့် မြတ်နိုးကို ပိုသတိရသည်။ ထိုနေ့ညနေတော့ တမ်းတစိတ်တွေကို ထိန်းမရသည်နှင့် သူ ဖုန်းခေါ်ကြည့်သည်။ ဖုန်းမအား ...။ ပြန်ခေါ်သည်။ မကိုင်။ နောက်ဆုံးတစ်ခါပဲလို့ တွေးလိုက်ပြီး ပြန်ခေါ်ကြည့်တော့မှ မြတ်နိုးမေမေက လာကိုင်သည်။ မြတ်နိုး ခေါင်းကိုက်၍ အိပ်နေကြောင်း ပြောသည်။ ပြောနေစဉ်ပင် မြတ်နိုးက လာကိုင်သည်။
‘‘ ကိုလား ...’’
‘‘ အင်း ...အမယ် ...တရားဝင် ခေါ်လို့ရပြီပေါ့လေ ’’
‘‘ အဟဲ ...ဟုတ်တယ် ကို၊ အမေလည်း အနားမှာမရှိလို့၊ နို့မို့ ရှက်တာနဲ့ ခေါ်ဖြစ်ဦးမှာမဟုတ်ဘူး ’’ ‘‘ ခေါင်းကိုက်လို့ဆို ...’’
‘‘ နည်းနည်းပါ သိပ်လည်း စိတ်မပူပါနဲ့၊ ကိုရော နေကောင်းလား ’’
‘‘ ကောင်းပါတယ် မြတ်နိုးရယ် ...လူက နေကောင်းပါတယ် ’’ ‘‘ ဒါ ဘာစကားလဲ ’’
‘‘ ဟုတ်တယ် မြတ်နိုး ...ကိုယ် မြတ်နိုးကို သိပ်သတိရတယ်ကွာ ...’’
‘‘ နေပါဦး ...ခု ဘယ်က ဆက်နေတာလဲ ’’
‘‘ စလုံးက ...’’
‘‘ စလုံး ...ဟုတ်လို့လား ’’
‘‘ ဟုတ်တယ် ...ကိုယ် ဒီရောက်နေတာ ၅ ရက်ရှိပြီ ’’
‘‘ ရန်ကုန်တုန်းက ဘာဖြစ်လို့မဆက်တာလဲ ...’’
‘‘ ပင်ပန်းတာရယ် ...မအားတာရယ် မို့လို့ပါ မြတ်နိုးရယ် ...’’ ( ဘယ်ဆက်မလဲ မေမိုးရှိနေတာကိုး ) ‘‘ ဖြစ်ရမယ် ...’’
‘‘ ခုဆက်ပြီပဲကွာ ...ကျေနပ်တော့နော် ’’
‘‘ ကျေနပ်ရမှာပေါ့ ...မြတ်နိုးက ချစ်ရတဲ့သူကိုး ...’’
‘‘ ကိုယ်က ပိုချစ်တာပါနော် ...’’
‘‘ ထားပါတော့ ...ဒါနဲ့ မြတ်နိုးဖို့ ဘာဝယ်လာမှာလဲ ’’
‘‘ မြတ်နိုး ဘာလိုချင်လို့လဲ ပြောလေ ...’’
‘‘ အင်း ...အဲဒီလိုလဲ မဟုတ်ပါဘူး ကိုရယ် ...အမှတ်ရဖြစ်နေမယ့် ပစ္စည်းတစ်ခုခုဆို ရပါပြီ ’’
ဖုန်းအတွင်းမှ တစ်မိနစ်သာ ကျန်တော့ကြောင်း သတိပေးသံထွက်ပေါ်လာသည်။
‘‘ ဟော ...တစ်မိနစ်ပဲ ကျန်တော့တယ်တဲ့ ...ဘယ်က ကောင်မလေးလဲ ’’
‘‘ ဟဲ ဟဲ ...ဟုတ်ပြီလေ မြတ်နိုး ...ကိုယ် နောက်မှ ထပ်ဆက်လိုက်မယ် ’’
‘‘ အင်းလေ ...ဒါဆို ဒါပဲနော် ...’’
‘‘ ကျန်းမာရေးဂရုစိုက်နော် ...မြတ်နိုး ’’ ‘‘ ကိုရောပဲ ...’’
ဒီလိုနှင့် ဖုန်းလိုင်းပြတ်သွားသည်။ ဘာပဲပြောပြော ရင်ထဲက အလွမ်းဝေဒနာကတော့ နည်းနည်း ငြိမ်သွားတာ အမှန်ပင်ဖြစ်လေသည်။ မေမိုးဆီလည်း ဆက်ရဦးမယ်ဟု သူတွေးနေမိလေသည်။ မြတ်နိုးတစ်ယောက် ကျောင်းပိတ်လို့ ပြန်သွားကတည်းက နေသိပ်မကောင်းချင်။ တစ်ခါတစ်ရံ အသက်ရှူ ကျပ်တတ်သဖြင့် ရင်ကျပ်သမားများ ဆောင်တတ်သော မောက်သ်အင်ဟေလာ တစ်ခုပင် ဆောင်ထားရသည်။ သူမ တစ်ကိုယ်လုံးလည်း စပ်ဖျဉ်းဖျဉ်းနှင့်။ လက်တွေပေါ်မှာ အနီစက် အနည်းငယ်ကိုလည်း တွေ့ရသည်။ သူမတို့ မြို့မှာတော့ နွေရာသီဆိုလျှင် အပူဒဏ်ကြောင့် လူတွေ မိတ်ထွက်လေ့ရှိကြသည်။ ထို့ကြောင့် အရေးမကြီး ဟုပင် စိတ်ထဲမှာထားလိုက်သည်။ ဒီလိုနဲ့ သူ့စိတ်ထဲတွင်တော့ အနည်းငယ်သာ စိုးရိမ်မိသည်။ ကိုယ်ရယ် ...မြတ်နိုး ဒီမှာ တစ်ယောက်ထဲမှ တစ်ယောက်ထဲ ...။ ဖုန်းလေး ဘာလေးလည်း မဆက် နေနိုင်လိုက်တာဟု တွေးသည်။ ဘာပဲ ပြောပြော၊ အစဉ် အနားမှာ ရှိခဲ့၊ အားပေးခဲ့သူ တစ်ယောက်နှင့် ကွဲကွာနေရာတော့ အားငယ်တာတော့ အမှန် ...။
ယနေ့နံနက်မှာ ကြည့်လိုက်တော့ သူ့လက်ဖျံပေါ်တွင် အနီကွက်တစ်ခုက တဖြည်းဖြည်း လက်သည်းခွံ အရွယ်အထိ ကြီးလာကြောင်း တွေ့ရသည်။ အသားအရေ ပြောင်းလဲမှု ရှိသလို ခံစားရသည်။ ခုတလော သိပ်ပင် အထိမခံနိုင် ...။ တစ်နေ့က မေမေနှင့် ပြောင်ရင်းနောက်ရင်း မေမေက သူမလက်ကို လက်ဖဝါးဖြင့် လှမ်းရိုက်လိုက်တော့ မငိုမိအောင် မနည်းပင် ထိန်းထားလိုက်ရသည်။ ယခင်ကလည်း ဒီလိုပဲ မေမေက သူမကို ရိုက်နေကျပင်ဖြစ်သော်လည်း ထူးထူးခြားခြား မခံစားမိ၊ မေမေ့ကို နောက်ရင်းပြောင်ရင်း သူမက
ဟန်ဆောင်ငိုတတ်သည်။ ယခုတော့ တကယ်ပင် ငိုချင်သည်အထိ ခံစားရသည်။
ထို့ကြောင့် ရေချိုးပြီးတော့ သနပ်ခါးကို ခြေဆုံးခေါင်းဆုံး လိမ်းထားလိုက်သည်။
မေမေနှင့် တွေ့ပြန်တော့ မေမေက ‘‘ငါ့သမီးလေးက ချစ်စရာလေး’’ဟု ဆိုကာ ပါးကိုဆွဲလိမ်ပြန်သည်။ သည်တစ်ခါလည်း အသည်းခိုက်အောင် နာကျင်မိပြန်သည်။ ကြာတော့ မေမေ့ကိုပင် ငြိုငြင် မိလာသလိုလို။ ညနေပိုင်း ဖုန်းလာသည်ဟု မေမေက လာခေါ်တော့ သူမ အိပ်ရာထဲမှ နေ၍ ထထွက်လာခဲ့သည်။ ခေါင်းကတော့ ကိုက်ဆဲ ...။ ဖုန်းကိုင်လိုက်တော့ ရုတ်တရက် နားထဲမှတဆင့် တစ်ကိုယ်လုံးသို့ အင်အားတွေ စီးဝင်သွားသလို ခံစားရသည်။ ဟင် ...ကိုပါလား ...။ ဘယ်ကနေ ဆက်နေတာလဲ ...၊ ဘယ်ပျောက်နေတာလဲ မသိ။ သြော် ...သူက စင်ကာပူကနေ ဆက်နေတာကိုး။ အင်းလေ ...သူလည်း ဟိုမှာ တစ်ယောက်တည်းဆိုတော့ စိတ်ပြေလက်ပျောက် လည်ပတ်ချင်မှာပေါ့။ ကောင်းတာပေါ့လေ ...ဟို မိန်းမ ရန်အေးတာပေါ့ဟု မဆီမဆိုင် တွေးမိသည်။ မေမိုးကို သူမချစ်သော်လည်း ခုလိုကျတော့ သဝန်တိုချင် သလိုလို။
ကိုက နောက်တစ်ပတ်နေရင် ပြန်လာမည်တဲ့ ...။ သူမကတော့ ဒီမှာ နှစ်ပတ်လောက်ကြာဦးမည် ထင်သည်။ ကျောင်းပိတ်တုန်း မေမေ့ကို အဖော်ပြုရဦးမည်လေ ...။ ဒါဆိုရင် နောက်နှစ်ပတ်ကြာတော့ တွေ့ကြတာပေါ့ ကိုရယ် ဟု သူမ ပြောလိုက်သည်။ ဘာပဲပြောပြော အားရှိသွားတာတော့ အမှန်ပါ ...။ ကို ဖုန်းချသွားတော့ ရင်ထဲမှာ ငိုချင်သလို၊ ဟာတာတာကြီး ခံစားရသည်။ ထို့နောက် မြတ်နိုးတစ်ယောက် အိပ်ရာထဲ ဝင်လှဲနေလိုက်သည်။ ညနေစာကို မေမေ လာခေါ်မှ စားဖြစ်သည်။ တို့ကနန်း ဆိတ်ကနန်းပါပဲ
...မေမေကတော့ ဘာမှ မပြော ...။ နားလည်ပုံရသည်လေ ...။ ထိုနေ့က သူမ စောစောစီးစီး အိပ်ရာဝင်ဖြစ်သည်။ သို့သော် ကောင်းကောင်း အိပ်မပျော်။ သန်းခေါင်ယံအချိန်လောက် ရောက်တော့ သူမ အိပ်ရာမှ လန့်နိုးလာသည်။ ရင်ခုန်သံတွေကလည်း မမှန်၊ ခေါင်းကလည်း မူး၊ အသက်ရှူကလည်း ကျပ်နေသည်။ အိပ်ရာပေါ်မှပင် မထနိုင်။ မေမေ့ကို လှမ်းအော်ခေါ်ရသည်။ မေမေရောက်လာမှ ရေတိုက်၊ ရှူဆေးရှူဖြင့် သက်သာသွားသည်။ ထိုနေ့က တရေးမှ ကောင်းကောင်းမရခဲ့။ မေမေကတော့ ဘေးနားတွင် စောင့်ပေးနေသည်။
အနည်းငယ် မောသလိုရှိသော်လည်း မေမေ့ကို အားနာသဖြင့် မနှိုးလိုက်။ မိုးလင်းခါနီးမှ မြတ်နိုးတယောက် မေ့ကနဲ အိပ်ပျော်သွားလေတော့သည်။ နောက်တစ်နေ့ မိုးလင်းလာတော့လည်း လူက တစ်ကိုယ်လုံး ကိုင်ရိုက်ထားသလိုပင်။ သို့သော် မေမေ စိတ်မပူအောင် ခပ်တည်တည်ပင် ထလာခဲ့ကာ အိမ်မှုကိစ္စများကို ကူလုပ်နေလိုက်သည်။ တစ်နေ့လုံးကို စိတ်မပါ လက်မပါ ကုန်ဆုံးခဲ့ပြီး ညနေကျတော့ သားသား နှင့် ဖုန်းရသည်။ သူ နောက်တစ်ပတ် ပြန်လာမည်ဟု ပြောသည်။ လာမကြိုနဲ့ ပင်ပန်းနေမယ် ဟုလည်း ပြောသည်။ ဘာပဲပြောပြော မြတ်နိုး သွားကြိုမည်ဟု ဆုံးဖြတ်လိုက်သည်။ ဖုန်းချပြီး ပြန်လာတော့ မေမေက သမီး မျက်နှာတွေ နီနေသလိုပဲတဲ့။ သူမ ထိတ်လန့်သွားသည်။ မေမေက မီးရောင်လင်းလင်းအောက်ကို ခေါ်သွားပြီး ကြည့်သည်။ မှန်တစ်ချပ်ကိုပါ ယူလာပေးတော့ မြတ်နိုး သေချာကြည့်ဖြစ်သည်။ ဟုတ်သည် မျက်နှာက အထူးသဖြင့် ပါးနှစ်ဖက် တော်တော်နီနေသည်။ အယ်လာဂျီများလား မသိဘူးဟုလည်း တွေးမိသေးသည်။ သို့နှင့် ညနေလည်း သိပ်မစောင်းသေးတော့၊ ဆေးခန်း သွားပြလိုက်သည်။ ဆရာဝန်က သေသေချာချာ စစ်ဆေးပြီး မျက်နှာ အနည်းငယ် ပျက်သွားသည်။ နောက်မှ ...
‘‘ ဒီမှာ သမီး ’’
‘‘ ရှင် ’’
‘‘ ဒီလို ဖြစ်နေတာ ဘယ်လောက်ကြာပြီလဲ ’’
‘‘ ရှင် ...ဘာဖြစ်လို့လဲ ဆရာ ’’
‘‘ အင်း ...ပြောရရင်တော့ သမီးရဲ့ အခုအခြေအနေက ပုံမှန်မဟုတ်ဘူး ’’
‘‘ ရှင် ’’
မြတ်နိုး တရှင်ထဲ ရှင်နေရသည်။
‘‘ ဖြစ်နိုင်ရင် ရန်ကုန်ကို အမြန်ဆုံးသွားပြီး ဆေးစစ်လိုက်ပါ ’’
‘‘ ဟုတ်ကဲ့ ဆရာ ...ဒါနဲ့ သမီး ဘာဖြစ်တာလဲ မသိဘူး ’’
‘‘ အင်း ...ဒါ သာမန် အရေပြား ရောဂါတော့ မဟုတ်ဘူး သမီး၊ ပြည်ပြည့်စုံစုံ သိရအောင် ရန်ကုန်သွားပြီး ဆေးစစ်တာတော့ မမှားဘူးလို့ ဆရာထင်တယ် ’’
‘‘ ဟုတ်ကဲ့ ဆရာ၊ သမီး တစ်ရက် နှစ်ရက်အတွင်း သွားလိုက်ပါ့မယ် ’’ ဆရာဝန်ဆီမှ ပြန်လာတော့ မြတ်နိုး စိတ်တွေလေးလာသည်။ အိမ်ပြန်ရောက်တော့ မေမေက ဆီးမေးသည်။ မြတ်နိုး အမှန်အတိုင်းပဲ ပြောပြလိုက်တော့သည်။ သည်တော့ မေမေ စိတ်ပူသွားသည်။ နောက်ဆုံးတော့ မေမေက ပြောသည်။ ဒီလိုဆို မနက်ဖြန်ညနေလောက် အိမ်က ကားနဲ့ပဲ သွားကြမယ်တဲ့။ နောက်နှစ်ရက်ကြာတော့ မြတ်နိုးတို့ သားအမိ ရန်ကုန်ကို ရောက်နေပြီ။ လိုအပ်သည့် ဆေးစစ်ချက်များ ရယူရန် ဆေးခန်းကြီးများသို့ ပြေးရသည်။ မေမေကလည်း ရန်ကုန်ကို သိပ်မကျွမ်းကျင်တော့ အရာရာ သူမသာ ဦးဆောင်ရသည်။ သို့ပေမယ့် နောက်တစ်ရက်ရောက်တော့ မေမိုးနှင့် အဆက်အသွယ်ရပြီး လိုက်ကူညီ၍ တော်ပါသေးသည်။ ဆေးစစ်ချက် အဖြေတွေက နောက်နှစ်ရက်ကြာမှ ရမည်။ မေမေ့ကို အိမ်တွင်သာ နားနေခိုင်းကာ သူမတို့ သူငယ်ချင်း နှစ်ဦး သွားကြသည်။ အဖြေယူရန်တော့ ခေတ္တ စောင့်ရပါသည်။ မကြာလိုက်ပါ ...ဆေးစစ်ချက်အဖြေကို တစ်ယောက်က ယူလာပေးသည်။ ဆရာဝန်ကြီးက တစ်ချက် စစ်ဆေးကာ မြတ်နိုးလက်ထဲ ထည့်ပေးလိုက်သည်။ ဖွင့်လိုက်တော့ ...
‘‘ မြတ်နိုး ...နေဦးလေ၊ ငါကြည့်မယ် ’’ မေမိုးက ပြောသည်။ မြတ်နိုးက မေမိုးမျက်နှာကို ကြည့်နေသည်။ ပြီးမှ ...
‘‘ ဘာတဲ့လဲ မေမိုး ’’
‘‘ ...’’
‘‘ ဟဲ့ ပြောလေ ...’’
‘‘ လူးပတ်စ်တဲ့ ’’ (ူကစကျ )
‘‘ ဘယ်လို ...’’
ထိုစဉ် ဆရာမတစ်ယောက် ရောက်လာပြီး ‘‘ဆရာဝန်ကြီးက မနက်ဖြန်ညနေ လာပြဖို့ ပြောလိုက်တယ်’’ဟု ပြောကာ ပြန်ထွက်သွားသည်။ သူတို့နှစ်ဦးလုံး ငြိမ်နေမိကြသည်။ ပြီးမှ မြတ်နိုးက ထရပ်လိုက်သည်။ ဆိုတော့ မေမိုးလည်း ဘေးမှ မြတ်နိုးကို တွဲကာ ကားပါကင်သို့ လာခဲ့သည်။
ထို့နောက် ကားကို စက်နှိုးကာ မောင်းထွက်လာခဲ့သည်။ လမ်းတွင် ဘာစကားမျှ မပြောမိကြ။ နှစ်ဦးစလုံး အတွေး ကိုယ်စီဖြင့် ဆိတ်ငြိမ်နေကြသည်။ ခဏနေမှ မြတ်နိုးက စကားစသည်။
‘‘ မေမိုး ...’’
‘‘ ဟင် ...ဘာလဲ မြတ်နိုး ’’
‘‘ ဒီ ရီဆော့လ်တ် တွေကို နင့်ဆီမှာ သိမ်းထားပေးပါလားဟာ ’’
‘‘ ဘာဖြစ်လို့လဲ ...’’
‘‘ မေမေ့ကို မသိစေချင်ဘူး၊ ပြီးတော့ အဖြေ မရသေးဘူးလို့ပဲ ပြောထားလိုက်မယ်၊ နောက်မှ ဘာမှ မဖြစ်ဘူးလို့ မေမေ့ကို ပြောလိုက်မယ်၊ ကူညီပါဟာ ...နော် ’’
‘‘ အေးပါ မြတ်နိုးရယ် ...’’
နောက် တိတ်ဆိတ်နေကြပြန်သည်။ အိမ်ကို ရောက်တော့ မြတ်နိုးက တံခါးဖွင့်ဆင်းသည်။ နှစ်ဦးစလုံး စက်ရုပ်တွေလို အသက်မပါကြ။ တံခါးဖွင့်ဆင်းသွားသူက ဆင်းသွားသည်။ ကားကို မောင်းထွက်သူက မောင်းထွက်သွားသည်။ တစ်ဦးကို တစ်ဦး နှုတ်ဆက်ခြင်းပင် မရှိကြ။
မြတ်နိုးတစ်ယောက် လှေကားပေါ်ရောက်မှ စိတ်ကို ပြန်ထိန်းလိုက်ပြီး မျက်ရည်များကိုသုတ်၊ မိတ်ကပ်ဘူးလေးကို ထုတ်ကာ မျက်ရည်စများကို သုတ်သည်။ အနည်းငယ် ပြန်လည်ပြင်ဆင်ပြီးမှ အိမ်ပေါ်တက်သွားသည်။ တံခါးဖွင့်ကာ အိမ်ထဲ ဝင်လိုက်တော့ မေမေက တီဗီ ကြည့်နေရာမှ လှမ်းမေးသည်။ ‘‘ သမီး ဘာတဲ့လဲ ’’
‘‘ အင်း ...အဖြေက မရသေးဘူး မေမေရဲ့၊ မနက်ဖြန်မှ ရမယ်တဲ့ ’’
‘‘ သြော် ...သမီးရယ်၊ အေးလေ ဘာပဲဖြစ်ဖြစ် ကျန်းမာရေးတော့ ဂရုစိုက်နော်၊ ညဘက်လည်း ပျော်အောင်အိပ်၊
ဒါနဲ့ ခု သမီး ကိုယ်တွေ လက်တွေနာသေးလား ’’
‘‘ နည်းနည်းတော့ နာသေးတယ် မေမေ ’’
‘‘ ဆေးလည်း မှန်မှန် သောက်နော် သမီး၊ မေမေ့မှာ ဒီသမီးလေးတစ်ယောက် ရှိတော့တာ ’’ ပြောပြောဆိုဆို မေမေက သူမကို ဖက်ထားလိုက်သည်။ ထိုနေ့ည အိပ်ရာဝင်တော့ သားသားအကြောင်း တွေးမိသည်။ ကို သိရင် ဘာပြောမလဲ၊ ဘယ်လို နေမလဲ၊ ဘယ်လို ခံစားရမလဲ၊ သူမ တစ်ယောက်တည်း တွေးနေမိသည်။ ညဥ့်နက်မှ အိပ်ပျော်သွားသည်။
မနက်နိုးတော့ မြတ်နိုးတစ်ယောက် ကြည်လင်လန်းဆန်းနေသည်။ မနက်စာ စားပြီး မကြာလိုက်၊ မေမိုးဆီမှ ဖုန်းလာသည်။
‘‘ မေမိုး ...ပြော ...’’
‘‘ နင် ခုအားလား ...ငါလာခေါ်မယ်လေ ’’
‘‘ အေး ...ဘယ်သွားမလို့လဲ ’’
‘‘ ငါ့အိမ်မှာ ထမင်းလာစားလေ ’’
‘‘ အေးပါ ...ဒါဆို ငါ ရေမိုးချိုးထားလိုက်မယ် ’’
‘‘ အေး ဒါပဲ ...စောင့်နေ ...ငါ နောက်နာရီဝက်လောက်ဆို ရောက်မယ် ’’ မေမိုး ဖုန်းပြန်ချသွားသည်။
Comments
Post a Comment