" ကုဋေကုဋာ သဲကိုးဖြာ "
ဇာတ်လမ်း - မဟော်ဂနီ
အချိန်က .. ၁၉၈၀ မှ၁၉၈၅ ခုနှစ်အတွင်း ..။
 ရန်ကုန်တက္ကသိုလ်..။
 ရွှေအိုရောင်တိုယိုတာ ကိုရိုလာ ကားသစ်လေး တစီး သည် ကျောင်းထဲကိုအရှိန်ပြင်းပြင်း မောင်းလာရာက ကင်တင်းရှေ့မှာ
ခပ်ကြမ်းကြမ်း ထိုးရပ်လိုက်သည်..။
 မိုးဦးဝသုန်သည်ကင်တင်းရဲ့ ဒေါင့်က စားပွဲမှာ စာထိုင်ဖတ်နေရာက တပ်ထားသည့်ရွှေရောင်ကိုင်း မျက်မှန်အ၀ိုင်းလေးကို
ကျော်ပြီး ကင်တင်း အပြင်ကို ကြည့်လိုက်သည်..။
 လာပြီ..။
 သဲကိုးဖြာ ရောက်လာပြီ..။
 ကားထဲက ဆင်းလာတဲ့သဲကိုးဖြာသည်ကင်တင်းထဲကိုသေသေချာချာ ကြည့်သည်..။
 သူ့ကိုလက်လှမ်းပြနေတဲ့မိုးဦးဝသုန်ကိုတွေ့သွားသည်..။
 နက်ပြောင်နေတဲ့ဆံပင်ရှည်.. ..ဗိုက်သား ဖြူဖြူလေး ပေါ်အောင်တိုတဲ့တီရှပ်လက်ပြတ်.. အနက်နဲ့အ၀ါ ပန်းပွင့်တွေ ပါတဲ့ဒီဇိုင်းနဲ့
ဘောင်းဘီပွပွကြီး ၀တ်ထားတဲ့သဲကိုးဖြာကိုကင်တင်းထဲကရော ကင်တင်း အပြင်ကရော လူတွေ ၀ိုင်းကြည့်နေကြသည်..။ ဒါက
မိုးဦးဝသုန်အတွက်အဆန်း မဟုတ်တော့..။ သဲကိုးဖြာနဲ့သူသူငယ်ချင်း ဖြစ်နေတာ ကြာပြီဆိုတော့လူဝိုင်း ကြည့်တာက အဆန်း
မဟုတ်တော့ဘူးလေ ..။
 “ သဲကိုး ... စောင့်လိုက်ရတာ လေးသင်္ချေ နဲ့ကမ္ဘာတသိန်း ရှိနေပြီ.. မေ့ထားတယ်ပေါ့..ဟုတ်လား ...”
 သဲကိုးဖြာ တဟီးဟီးနဲ့ရယ်သည်..။
 “ ဆောဒီး.. ဆောဒီး ... စကားကောင်းနေတာ နဲ့နဲနဲကြာသွားတယ်... ဒီကြားထဲ နောက်ကျလို့မြန်မြန်မောင်းမိတာ .. ယာဉ်ထိန်းရဲ
အတားခံလိုက်ရသေးတယ်...”
“ ဟယ်...လိုင်စင်သိမ်းသွားရောလား ..”
 “ ဟင့်အင်း .. ဘာညာ ငိုပြလိုက်ရတာပေါ့.. ခစ်ခစ်.. အစိတ်တန်တရွက်နဲ့..”
 “ သဲကိုး .. ဘာသောက်မလဲ ..”
 “ အင်း.... မသောက်တော့ဘူး .. မိုးဦး .. သွားမယ်လေ .. ယူရောက်ဖူးချင်နေတဲ့ပန်းခြံအသစ်ကို ..”
 “ အိုကေ .. အဲ့ကျမှတခုခုစားချင်လဲ စားပေါ့... ဟေ့.. ကောင်လေးရေ . .ပိုက်ဆံရှင်းမယ်...”
 မိုးဦးဝသုန်ကလည်း သဲကိုးဖြာရဲ့ သူငယ်ချင်း အရင်းခေါက်ခေါက်ဆိုတော့သဲကိုးဖြာလိုပဲ ဒီဇိုင်းက ခပ်လန်လန်..ခပ်ဟော့ဟော့
ဖြစ်သည်..။
 သဲကိုးဖြာလိုပဲ နက်ပြောင်နေတဲ့သရီးစတက်ပ်ဆံပင်တို..နဲ့..။ နှုတ်ခမ်းနီရဲရဲ ဆိုးထားသည်..။ လည်တိုင်မှာက ပြောင်လက်သော
ကျောက်အမဲရောင်ပုတီးတွေ အများကြီး ဆွဲထားသည်..။
 ခြေသလုံးပေါ်အောင်တိုသော ထမိန်အနက်..။ အပေါ်ပိုင်းမှာ တိုလွန်း ပါးလွန်းတဲ့အင်္ကျီလေး ၀တ်ထားသည်..။ အနက်ရောင်
ခွာမြင့်ဖိနပ်ထူထူကြီးနဲ့..။ လက်မှာက အနက်ရောင်အ၀ိုင်းကြီးကြီး နာရီတလုံး ပတ်ထားသည်..။
 သဲကိုးဖြာ နဲ့မိုးဦးဝသုန်တို့ကားပေါ်တက်ပြီး ခပ်ကြမ်းကြမ်း မောင်းထွက်သွားတာကိုလွန်းဇာ နဲ့ထက်မြက်လင်း ကင်တင်းထဲ ကနေ
ကြည့်နေသည်..။
 ထက်မြက်လင်းက ..“ ထူးဆန်းတယ်သူငယ်ချင်း.. တခုခုတော့တခုခုပဲ ....” လို့ခေါင်းရမ်းပြီး ပြောလိုက်လို့လွန်းဇာက .. “
မင်းဟာက အရင်မရှိအဖျားမရှိ.. ဘာတွေများ ထူးဆန်းနေ တာလဲ ထက်မြက်ရယ်..” လို့မေးသည်..။
 ထက်မြက်လင်းက .. “ တွေ့လိုက်တယ်မှုတ်လား ... သဲကိုးဖြာ .. ရုပ်ရော ကိုယ်လုံးရော.. အသံကော ဘာမှပြောစရာ မရှိဘူး ..
စီးတဲ့ကား.. ၀တ်တဲ့အ၀တ်အစား ... ကြည့်ရုံနဲ့ရေလျံတယ်ဆိုတာလည်း သိနိုင်တယ်... အင်း.... ဘာကြောင့်လဲတော့မသိဘူး..
သဲကိုးဖြာ မှာ ခုထိဘဲ မရှိသေးဘူးကွ ....” လို့ပြောသောအခါ လွန်းဇာလဲ တဟားဟား အော်ရယ်သည်..။
 “ ထက်မြက်ရယ်.. ဘာများလဲလို့.. ဘဲ မရှိသေးတာ .. သူကြိုက်တဲ့ဘဲ မတွေ့သေးလို့နေမှာပေါ့ကွာ.. ဒါများ အဆန်းလုပ်လို့..” လို့
ပြောလိုက်သည်..။
 “ ဟာ.. လွန်းဇာ... ဘယ်ကလာ.. ဘဲ မလိုချင်ရမှာလဲ ..သဲကိုးဖြာက တွဲတွဲနေတာ တော်တော်များနေပြီ.. ဘဲတွေ တယောက်ပြီး
တယောက်.. ဘာလို့လဲ မသိဘူး .. ဘဲတွေ တကောင်နဲ့မှ မမြဲဘူး .. ဒါကို ငါ စဉ်းစားနေတာ .... ဘာကြောင့်လဲ.. ဘာလို့လဲ ...
ဒီလောက်ချောဒီလောက်ချမ်းသာ တဲ့သဲကိုးဖြာလိုစော်ကိုဘာကြောင့်ဘဲတွေ ခါခါသွားကြတာလဲ.. ဒါမှမဟုတ်ခွာ ပြေး ကြတာလဲ ..
ငါ နားမလည်နိုင်လို့...”
 လွန်းဇာက စပ်ဖြဲဖြဲ မျက်နှာနဲ့..လေသံနှိမ့်ပြီး..“ ဒီစော်က ရုပ်သာလှတာ ပါးစပ်က အရမ်းနံလို့လားမှမသိတာ ...” လို့ပြောလိုက်လို့
..ထက်မြက်လင်းက ..
“ မဖြစ်နိုင်ပါဘူးကွာ.. ပါးစပ်နံတာလောက်က လုပ်လို့ရပါတယ်.. ဒါလောက်နဲ့တော့ဖြတ်ကြမယ်မထင်ပါဘူး ...” လို့ပြောသည်..။
“ ဒါဖြင့်ဟိုလိုဆိုရင်ကော ... သူက မိန်းမ အယောင်ဆောင်ထားတဲ့ယောက်ျားကြီး တယောက်ဖြစ်နေလို့ဖြစ်မယ်... .ဟိဟိ..”
 “ လွန်းဇာ ရယ်... .ကြံကြံဖန်ဖန်ကွာ.. ဒီလောက်ထွားအယ်နေတဲ့စော်ကိုမင်းမို့ယောက်ျား ထင်နေရတယ်....”
 လွန်းဇာ တဟားဟား နဲ့အော်ရယ်သည်..။
 ထက်မြက်လင်းက .. “ ငါ မိုးဦးဝသုန်ရဲ့ သူငယ်ချင်း လင်ခန့်ဒိန်ဆီက ကြားတာတော့သဲကိုးဖြာက ဘဲလိုချင်နေတာ တပိုင်းကို
သေနေတာ တဲ့.. ဘဲတွေ သူ့ကို ဖြတ်ဖြတ်သွားတိုင်းလဲ အရမ်း အသဲကွဲ ခံစားရတာ တဲ့” လို့ပြောပြန်သည်..။
 “ ဘာ... ဘာတဲ့.. ထက်မြက်.. စော်နံမည်က .. လင်ဘာဖြစ်တယ်...”
 “ လင်ခန့်ဒိန်... ချင်း အမျိုးသမီး ..”
 “ နံမည်ကလဲ ခပ်ဆန်းဆန်း ပါလား ...”
 “ အေး.. လင်ခန့်ဒိန်က မိုးဦးဝသုန်နဲ့အရမ်းခင်ကြတာလေ .... မိုးဦးဝသုန်က သဲကိုးဖြာ ဘဲလွတ်နေတယ်ဆိုတာ ပြောပြတယ်...
ဘဲလွတ်တယ်ဆိုတာ လတ်တလော ရည်းစား မရှိဘူး ပေါ့ကွာ ..”
 “ ဟာ.. အတော်ပဲပေါ့.. ဒါဆိုရင်ငါ့အတွက်အခွင့်အရည်း ရှိသေးတာပေါ့.. ဟတ်ဟတ်...”
 “ အယ်... ဘာ.. မင်းက သဲကိုးဖြာကို ကြိုက်နေလို့လား.. ဖန်မလို့လား .. လွန်းဇာ....”
 “ ဘာလဲ.. မင်းက ငါ ဖန်ရင်မရနိုင်ဘူးလို့ပြောချင်တာလား ...”
 “ အိုး.. မပြောရပါလား ... အချစ်မှာ မျက်စိမရှိဘူးတဲ့... ငါတွေ့တာကတော့သဲကိုးဖြာ အရင်တွဲခဲ့တဲ့ဘဲတွေက မင်းလောက်လဲ ရူပါ
မလာဘူး .. စုတ်ပြတ်ပြတ်ဆင်းရဲသား လဲ ပါတယ်.. ဒီလိုဆင်းရဲမွဲတေ တဲ့ဘဲတွေကတောင်သဲကိုးဖြာကို ချန်ပြေးကြတယ်... ဆိုတော့
တခုခုတော့တခုခုပဲလေ .... မင်း စမ်းကြည့်မလို့လား .... လွန်းဇာ ..”
 “ အင်း.. ငါ သဲကိုးဖြာကို ကြိုက်နေတာ ကြာပြီ.. လတ်တလော ဒီလောက်လန်းတဲ့စော်က ဘဲ ရှိနေမှာပဲ ဆိုပြီး မလိုက်ဘဲ
နေနေတာ.. မင်းပြောပြလို့ဘဲလွတ်နေတယ်ဆိုတာ သိရတော့သူ့ကို ငါ လိုက်ချင်တယ်..”
 “ ဟာ.. လိုက်ပေါ့.. သူငယ်ချင်း.. မင်း လိုက်ရင်ငါသိချင်နေတဲ့သူ့ကိုဘဲတွေ ဘာကြောင့်ချန်ထားပြီး လစ်ကုန်ကြလဲ ဆိုတဲ့
အဖြေကို မင်းဆီက ငါ အတိအကျ ခိုင်ခိုင်လုံလုံသိရတော့မယ်.. လေ ”
 “ ကောင်းပြီ.. ထက်မြက်.. ငါ သဲကိုးဖြာကိုလိုက်မယ်. . .”ဲ
သဲကိုးဖြာ အသဲကွဲနေတုန်းပဲ ..။
 “ အသဲက ခဏခဏ ကွဲရလွန်းလို့အပိုင်းပိုင်း ဖြစ်ပြီး ပြန်ဆက်လို့ရပါ့မလားမသိဘူး .”. လို့မိုးဦးဝသန်ကိုရယ်စရာ လုပ်ပြီး
ပြောနေရသည်..။ မိုးဦးဝသုန်က သဲကိုးဖြာ ရယ်မော ပြောနေပေမယ့်.. မရယ်ဘူး ..။ သဲကိုးဖြာ တကယ်ပဲ အသဲကွဲရတယ်ဆိုတာ
သိလို့..။ မိုးဦးဝသုန်နဲ့သဲကိုးဖြာက ငယ်ငယ်ကထဲက တွဲခဲ့ကြတဲ့သူငယ်ချင်း အရင်းအခြာတွေ ဆိုတော့အမြဲ တယောက်ရဲ့အတွင်းရေး
ကိုတယောက်အသိပေး တိုင်ပင်ခဲ့သည်..။
 သဲကိုးဖြာရဲ့ နံပါတ်၃ နဲ့နောက်ဆုံး ချစ်သူမောင်မောင်လေးလွင်နဲ့သဲကိုးဖြာ ရည်းစား ဖြစ်တာ နှစ်လ အတွင်း
မောင်မောင်လေးလွင်က သဲကိုးဖြာကို စပြီး အဆက်ဖြတ်လိုက်သည်..။
 မောင်မောင်လေးလွင်သည်အဖေမရှိတော့..။ မုဆိုးမ အမေက ဈေးရောင်းပြီး သားကိုတက္ကသိုလ်ပညာ သင်ဖို့
ကျောင်းစားရိတ်ပေးနေတဲ့ဆင်းရဲသား ရပ်ကွက်တခုမှာ နေတဲ့လူ..။
 ရုပ်ရည်သန့်သန့်ပြန့်ပြန့်နဲ့စာကြိုးစားသူဖြစ်သည်..။ မောင်မောင်လေးလွင်ကိုသဲကိုးဖြာက စကြိုက်ခဲ့တာ ဖြစ်သည်..။
သဲကိုးဖြာသည်သူနဲ့မတွေ့ခင်က ချစ်သူနှစ်ယောက်ထား ခဲ့ဘူးသည်..။ ဒီချစ်သူတွေက သဲကိုးဖြာကိုတိုတောင်းတဲ့ချစ်သူဘ၀မှာပဲ
စွန့်ပစ်ခဲ့ကြသည်..။ သဲကိုးဖြာသည်မောင်မောင်လေးလွင်ကိုအာရ်စီထဲမှာ လုပ်တဲ့ပန်းချီကာတွန်းပြပွဲမှာ စ တွေ့ဘူးခဲ့တာ ဖြစ်သည်
..။ သဲကိုးဖြာသည်ဒုတိယမြောက်ချစ်သူက စွန့်ပစ်တာ ခံခဲ့ရလို့အသဲကွဲနေတဲ့အချိန်ဖြစ်သည်..။
 ပန်းချီပြပွဲ ရှိသည်လို့ရေးထားတဲ့ဆိုင်းဘုတ်ကို မိုးဦးဝသုန်က တွေ့တာနဲ့သဲကိုးဖြာကိုစိတ်ပြေလက်ပျောက်ဝင်ကြည့်ဖို့ပြောသည်
..။ သဲကိုးဖြာလဲ ဘာရယ်မဟုတ်.. မိုးဦးဝသုန်နဲ့ဒီလိုပဲ အာရ်စီထဲမှာ ပြပွဲတွေ လုပ်ရင်ဝင်ကြည့်နေကျ ဆိုတော့“ ကောင်းသားပဲ.. မိုးဦး
...” ဆိုပြီး မိုးဦးဝသုန်နဲ့အတူဝင်ကြည့်သည်..။
 သဲကိုးဖြာနဲ့မိုးဦးဝသုန်တို့ပန်းချီပြပွဲကို ၀င်ကြည့်ရင်း မိုးဦးဝသုန်က ..“ ဟယ်.. သဲကိုး.. ကြည့်စမ်း ကြည့်စမ်း .... ဒီပန်းချီပုံက ယူနဲ့
ချွတ်စွပ်တူနေပါလား .. ယူ့ပုံကိုဆွဲထားတာ ဖြစ် မယ်... အိုကွာ ... ယူနဲ့အရမ်းကိုတူတာပဲ .... ယူ့ပုံပါ.. ယူ့ပုံမှယူ့ပုံအစစ်....” လို့
ပန်းချီကား တချပ်ကို ပြသည်..။ ခဲနဲ့ရေးခြစ်ထားတဲ့အဖြူ အမဲ ပုံတူပန်းချီကားလေး တချပ်ဖြစ်သည်..။
 သဲကိုးဖြာ အရမ်း အံ့သြသွားသည်..။
ဟုတ်သည်..။ သူ့ပုံမှသူ့ပုံအစစ်..။ မျက်မှောင်လေးကြုံ့ကာ စဉ်းစားသည်..။ ဘယ်သူဘယ်တုန်းက ရေးလိုက်တာလဲ..
ဒီပန်းချီကားကို ..။ မိုးဦးဝသုန်က ပန်းချီပြပွဲ တာဝန်ခံထိုင်နေရာ စားပွဲကို ခွာမြင့်ဖိနပ်သံတဒေါက်ဒေါက်ပေးပြီး လျှောက်သွားသည်
..။
 “ ဒီမှာ .. ခင်ဗျားက ဒီပြခန်း တာဝန်ခံလား ...”
 “ ဟုတ်.. ဟုတ်ပါတယ်.... ဘာများ ...”
 “ ကိစ္စရှိတယ်... ကိစ္စရှိလို့လာခဲ့တာပေါ့... လာ.. ကျမတို့နဲ့ခဏလိုက်ခဲ့...”
 “ ဗျာ.. ဘယ်ကိုလိုက်ရမှာလဲ.. ဘာကိစ္စ......”
 “ ခွင့်ပြုချက်မရှိပဲ ကျမ သူငယ်ချင်းပုံကိုဆွဲထားလို့...”
 “ ဗျာ ...”
 “ မဗျာ နဲ့လာ . .”
 မိုးဦးဝသုန်က တာဝန်ခံကိုဆွဲခေါ်လာပြီး ပန်းချီကားကို ပြသည်..။
 “ ကြည့်... တွေ့လား ... သူ့ပုံ.. သူ့ပုံ... ဒါ ဘယ်သူရေးတာလဲ ..သိချင်တယ်..”
 ပန်းချီပြခန်း တာဝန်ခံဆိုတာကလဲ သူတို့အရွယ်ကျောင်းသားတယောက်ပဲလေ ..။
 “ ဟို... ဟို... အင်း .... ဟိုဟာ ...”
 “ ရှင်ဘာ ကြောင့်တောင်တောင်တွေ လုပ်နေတာလဲ ... ကျမ မေးနေတာက ဒီပုံကိုရေးတဲ့ပန်းချီဆရာ.. အဲဒါ သိချင်လို့...”
 “ သူ့ကို သိရင်ဘာ... ဘာ.... ဘာ လုပ်မလို့လဲဟင်...”
 ပြခန်းတာဝန်ခံကျောင်းသားသည်ကျားကြီးတကောင်ရှေ့ကိုရောက်နေသော ယုန်ငယ်လေး တကောင်လို ဖြစ်နေသည်..။
 “ မေးမလို့ပေါ့.. သူသဲကိုးဖြာရဲ့ ပုံကိုဘာလို့ရေးတာလဲ.. ဘယ်လို ရေးတာလဲ ... လို့...”
 “ ဒါပဲလား ...”
 “ အင်းပေါ့.. ဒါပဲ မေးမှာ ...”
 “ အင်း.. ဒါဆို.. အင်း... အဲ .... ဟိုဒင်း ... အဲဒါဆို.. ဟိုလေ ....”
 “ ရှင်အူကြောင်ကြောင်လုပ်မနေနဲ့... ပြော.. ပန်းချီဆရာ ဘယ်သူလဲ ....”
 “ ကျ... ကျ... ကျနော်... ကျနော်ပါ.. အဲ့ပုံရေးတာ ကျနော်.. အဟဲ ...”
 “ ဟယ်တော့.... ရှင်.. ရှင်ရေးတာ ....”
မိန်းမချောလေး နှစ်ယောက်ခုန်ပေါက်နေကြသည်..။ အသဲယားလို့..။ ဒီပန်းချီဆရာ ဆိုတဲ့ ပြခန်း တာဝန်ခံကိုထုရိုက်
ပစ်ချင်ကြသည်..။
 “ ကဲ ပြောပြ.. ကျမတို့သိချင်တာ.. ရှင်ဘာကြောင့်ဒီပုံကိုရေးတယ်.. သဲကိုးဖြာပုံကိုဘယ်က ရလို့ပုံတူကြည့်ရေးတာလဲ .....”
 “ မိုးဦးဝသုန်ရဲ့ မေးခွန်းတွေကို ဖြေ... အဲ.. ရှင့်နံမည်အရင်ပြော...”
 “ ကျနော့်နံမည်.. မောင်မောင်လေးလွင်ပါ ...”
 “ ဟုတ်ပြီ.. ပြော.. ပထမဆုံး.. ဘာကြောင့်သဲကိုးဖြာပုံကိုရေးတာလဲ ...”
 “ အဟဲ .. သဲကိုးဖြာ ရယ်လို့မသိပါဘူး .. အရမ်းချော လှလွန်းလို့ရေးမိတာပါ ..”
 သဲကိုးဖြာလဲ သူ့ရှေ့ပေါ်တင်ကြီး ချီးမွမ်း ခံလိုက်ရလို့မျက်နှာ မထားတတ်အောင်ဖြစ်သွားသည်..။
 “ အံမယ်.. ရှင်က ဘယ်မှာ သဲကိုးရဲ့ ပုံကိုတွေ့ဖူးလို့လဲ ..”
 “ ဒီမှာ.. ကျနော်ဒီဓါတ်ပုံလေး ကောက်ရလို့..”
 မောင်မောင်လေးလွင်က သူ့ရှပ်အင်္ကျီအိပ်ကပ်ထဲက ဓါတ်ပုံလေးကိုထုတ်ပြသည်..။
 “ ဟယ်...”
 “ ဟင်...”
 သဲကိုးဖြာရော မိုးဦးဝသုန်ရော အံ့အား သင့်သွားကြသည်..။
 “ ဘယ်နေရာမှာ ကောက်ရတာလဲ ...”
 “ သိပ္ပံကင်တင်း က စာပွဲတလုံးပေါ်က ....”
 “ အင်းလေ.. ဒါပေမယ့်ကံယကံရှင်ခွင့်ပြုချက်မယူပဲ ပန်းချီဆွဲတာတော့ရှင်လွန်တာပေါ့...”
 “ ဟုတ်ကဲ့.. ဒါအတွက်ကျနော်တောင်းပန်ပါတယ်... ကျနော့်အမှားအတွက်လဲ ဒီပန်းချီကားလေးကို မသဲကိုးဖြာကိုလက်ဆောင်
အဖြစ်ပေးပါရစေ ...”
 မိုးဦးဝသုန်က ရယ်သည်..။
 “ ရှင့်အဖြစ်က သုမောင်တို့မင်းလူတို့ရေးတတ်တဲ့တက္ကသိုလ်အချစ်ဇာတ်လမ်းတွေ ထဲကလို ဖြစ်နေတယ်.. ခစ်ခစ်...”
 မောင်မောင်လေးလွင်ဘာပြောရမှန်း မသိလို့ဘာမှမပြော ..။ သဲကိုးဖြာကတော့ပန်းချီပုံတူလေး ရမယ်ဆိုလို့ဝမ်းသာနေသည်..။
 “ ကောင်းပြီလေ.. ရှင့်ကိုကျမတို့ခွင့်လွှတ်ပါတယ်.. ပန်းချီကားက ဘယ်တော့ယူရမှာလဲ ..”
“ ပြပွဲပြီးတဲ့အခါ ပေးပါမယ်... သဲကိုးဖြာတို့ကိုဘယ်လိုထပ်ဆုံနိုင်မလဲ ...”
 သဲကိုးဖြာနဲ့မိုးဦးဝသုန်ပြုံးလိုက်သည်..။
 ဒီမောင်မောင်လေးလွင်ဆိုတဲ့ကောင်က အလည်ပဲ..။ သူတို့နဲ့ထပ်တွေ့ချင်သေးတယ်ဆိုတဲ့သဘော ..။
 “ ရတယ်လေ.. ဆုံကြတာပေါ့.. မောင်မောင်လေးလွင်...”
 သဲကိုးဖြာတို့နဲ့မောင်မောင်လေးလွင်တို့ထပ်ဆုံကြပါသည်..။ ဆုံရင်း တွေ့ရင်း ချိန်းကြရင်း သဲကိုးဖြာနဲ့မောင်မောင်လေးလွင်တို့
ချစ်မိသွားကြသည်..။ ကျောင်းဝင်းထဲမှာ သူတို့အတွဲကို အမြဲ တွေ့နိုင်သည်..။ သဲကိုးဖြာသည်မောင်မောင်လေးလွင်ကိုအရမ်း
ဂရုစိုက်သည်..။ မောင်မောင်လေးလွင်သည်ကင်တင်းမှာ ၀ယ်မစားနိုင်လို့အိမ်ကနေ ထမင်းဘူး အမြဲ ယူခဲ့ထည့်ခဲ့သည်..။
 သို့ပေမယ့်ဟင်းက မကောင်း ..။ သဲကိုးဖြာနဲ့ရည်းစားဖြစ်တော့သဲကိုးဖြာက အမြဲ ဟင်းတွေ ၀ယ်ကျွေးသည်..။ ဟင်းတွေ အိမ်က
ယူခဲ့ပေးသည်..။ မောင်မောင်လေးလွင်ကိုကားမောင်း သင်ပေးသည်..။
 အ၀တ်အစား အဖိုးတန်တွေ နာရီတွေ ၀ယ်ပေးသည်..။ ကျောင်းလခ လဲ ပေးပေးသည်..။ ရည်းစားသက်နှစ်လ ပြည့်သောအခါ
မောင်မောင်လေးလွင်သည်သဲကိုးဖြာကိုအဆက်ဖြတ်သွားသည်..။
 သဲကိုးဖြာ အသဲ တွေ ကွဲကြေရတော့သည်..။
 ဘာကြောင့်လဲ.. ဘာအတွက်လဲ သဲကိုးဖြာရော မိုးဦးဝသုန်ရော မသိဘူး ..။ မောင်မောင်လေးလွင်ကတော့ကျောင်းပါ
ထွက်သွားသည်..။
 အသဲကွဲ ဝေဒနာကိုသဲကိုးဖြာ ခံစားရင်း ယောက်ျားတွေကို စိတ်နာလာသည်..။ မိုးဦးဝသုန်က ပျော်ပျော်နေ ကြရအောင်သူငယ်ချင်း
..ဆိုပြီး ရှော့ပင်တွေ ထွက်.. ရုပ်ရှင်တွေ သွားကြည့်.. အပြင်ဆိုင်တွေ မှာ စိတ်လွတ်ကိုယ်လွတ်ထွက်စားကြ နဲ့သဲကိုးဖြာ
စိတ်ပျော်အောင်လုပ်ပေးသည်..။
 ဘယ်လိုပဲ ဖြစ်ဖြစ်သဲကိုးဖြာသည်ယောက်ျားတွေ ချန်ချန်သွားတဲ့မိန်းမ အဖြစ်ကျောင်းထဲမှာ လူသိများလာသည်..။ ဒီလို
ယောက်ျားတွေက ပစ်ပြေးတယ်ဆိုတဲ့သတင်းကြောင့်ကျောင်းထဲမှာ သဲကိုးဖြာ သည်ပိုလို့နံမည်ကြီးလာသည်..။ လူတွေ သတိထား
ဂရုစိုက်ကြည့်လာကြသည်..။ သဲကိုးဖြာ ကျောင်း ကော်ရစ်ဒါတွေမှာ ဖြတ်လျောက်သွားတဲ့အခါ မျက်လုံးပေါင်း တထောင်မက
ဝိုင်းကြည့်ကြတာကို ခံရသည်..။
 သဲကိုးဖြာ နဲ့တွဲတဲ့မိုးဦးဝသုန်လဲ သဲကိုးဖြာကြောင့်နံမည်ကြီးလာရသည်..။ မိုးဦးဝသုန်ကို ကြိုက်လို့ခိုက်လို့လိုက်တဲ့လူတွေ
တပုံကြီး ရှိပေမယ့်မိုးဦးဝသုန်က ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲ မာန တခွဲသားနဲ့နေနေလို့ယောက်ျားတွေက ပိုအထင်ကြီး ပိုလိုချင်..
ပိုကြိုက်ကြသည်..။ မရနိုင်လေ ပိုလိုက်ချင်ဖြစ်ပြီး မိုးဦးဝသုန်ကိုကြွေလို့မစားနိုင်မသောက်နိုင်ဖြစ်နေရသူတွေ တပုံတခေါင်း
ရှိနေသည်လို့ပြောဆိုနေကြလေသည်..။
လွန်းဇာနဲ့ထက်မြက်လင်း လမ်းဖြတ်ကူးလိုက်တဲ့အချိန်....
လမ်းတဖက်မှာ ရပ်ထားတဲ့ရွှေအိုရောင်တိုယိုတာ ကိုရိုလာကားလေး ကို မြင်ကြသည်..။
 “ ဟင်.. ဒါ.. သဲကိုးဖြာရဲ့ ကား ပဲကွ ...”
 “ အေး.. ဟုတ်တယ်..... ဟာ.. စက်နှိုးလို့မရဘူး ထင်တယ်...”
 “ ဟုတ်တယ်... ထက်မြက်.. သွားကြည့်ရအောင်...”
 သဲကိုးဖြာသည်မျက်နှာလေး ပျက်ပျက်နဲ့ကား ထဲမှာ ရှိနေသည်..။ ဘေးခုံမှာက မိုးဦးဝသုန်ထိုင်လျက်..။
 ထက်မြက်လင်းက မိုးဦးဝသုန်ရဲ့ သူငယ်ချင်း လင်ခန့်ဒိန်နဲ့ပတ်သက်ပြီး ဆုံဘူးထားတော့.. “ ကားနှိုးလို့မရလို့လား.. ကျနော်တို့
ဘာ အကူအညီပေးရမလဲ..” လို့ မိုးဦးဝသုန်ကိုမေးလိုက်သည်..။
 မိုးဦးဝသုန်က .. “ ဟုတ်တယ်.. ကား ဘာဖြစ်သွားလဲ မသိဘူး... နဲနဲဝိုင်း ကြည့်ပေးမလားဟင်..” လို့ပြန်ပြောသည်..။
 လွန်းဇာလဲ သဲကိုးဖြာကိုကားစက်ခန်းအဖုံး ဖွင့်တဲ့ခလုပ်လေးကိုဆွဲခိုင်းပြီး စက်ခန်း အဖုံးကိုမ ဖွင့်လိုက်သည်..။
 ထက်မြက်လင်းက လွန်းဇာ ပြင်နိုင်မပြင်နိုင်ကိုမသိသေးပဲ..“ သူက အိမ်မှာလဲ ကားတွေ ရှိတယ်.. ကားလဲ ပြင်တတ်တယ်...
သူလုပ်ရင်ကောင်းသွားမှာပါ..” လို့သဲကိုးဖြာနဲ့မိုးဦးဝသုန်ကိုအာမတွေ ခံနေသည်..။ ကံအားလျော်စွာပဲ လွန်းဇာ တတ်သမျှ မှတ်သမျှ
လုပ်ပေးလိုက်တာ သဲကိုးဖြာရဲ့ကားလေး စက်ပြန်နိုးသွားသည်..။
 သဲကိုးဖြာက..“ ကျေးဇူးကမ္ဘာ ပါရှင်.... အခုလိုသဲကိုးတို့ကိုအကူအညီပေးတာ... ” လို့ပြောရင်း လွန်းဇာရဲ့ လက်နှစ်ဖက်မှာ
စက်ဆီမဲမဲတွေ ပေနေတာကိုတွေ့သွားသည်..။ ကားထဲမှာ ရှိနေတဲ့တစ်ရှူး စက္ကူလိပ်ထဲက တစ်ရှူး တချို့ကို ဖြတ်ပြီး လွန်းဇာကို
ကမ်းပေးသည်..။ မိုးဦးဝသုန်က ..“ ကူညီတဲ့အတွက်ယူတို့ကို မိုးဦးတို့က တခုခုကျွေးမယ်... ခုတော့မဟုတ်ဘူး..အခုသွားစရာ
ရှိနေလို့.. မနက်ဖြန်မနက်အတန်း ရှိကြလား .. ကင်တင်းကိုလာနိုင်မလား ...” လို့ပြောသည်..။
ထက်မြက်က သွားဖြဲပြရင်း..“ ဟီး .. ဒီလိုကျွေးမယ်ဆိုအတန်းရှိတောင်မတက်ဘဲ လာမှာ ...” လို့ပြန်ပြောသည်..။
လွန်းဇာကတော့ပြုံးပြီးပဲ ကြည့်နေသည်..။ သဲကိုးဖြာက .. “ ဒါဆို မနက်ဖန်မနက်ကင်တင်းမှာ ဆုံမယ်နော်..” လို့ပြောသည်..။
 “ တွေ့မယ်.. သွားလိုက်ဦးမယ်နော်....”
 “ ဟုတ်ကဲ့...”
 မထင်မမှတ်ဘဲ သဲကိုးဖြာတို့နဲ့ဆုံလိုက်ရပြီး အကူအညီပေးဖြစ်လိုက်လို့လွန်းဇာ အရမ်း ၀မ်းသာနေသည်..။
 သဲကိုးဖြာကိုသူအရမ်းကြိုက်နေပေမယ့်ဘယ်လို နီးစပ်အောင်လုပ်ရမှန်း မသိဘဲ အကြံအိုက်နေပြီး အဝေးကပဲ ငေးငေး
ကြည့်နေခဲ့ရတယ်မဟုတ်လား . . ..။
 ကံအားလျော်စွာ သူသဲကိုးဖြာရဲ့ ကားကို ပြင်ပေးလိုက်နိုင်သည်..။ ရုပ်ရှင်တွေ..၀တ္ထူ တွေထဲကလိုပဲ သဲကိုးဖြာက
ကျေးဇူးတင်ကြောင်း ပြောသွားပြီး ကင်တင်းမှာ အစားကျွေးအုံးမှာ တဲ့..။
 လွန်းဇာ မနက်ဖန်ရောက်ချင်လှပြီ..။
 သဲကိုးဖြာနဲ့ဆုံချင်လှပြီ..။
 မနက်ဖန်သဲကိုးဖြာနဲ့တွေ့ရင်ချပ်ချပ်ရပ်ရပ်ကြည့်ကောင်းနေအောင်ဒီနေ့လွန်းဇာ ညစာ မစားဘူး ..။ အငတ်ခံနေလိုက်သည်..။
နောင်ကိုလဲ လေ့ကျင့်ခန်း များများ ဖိလုပ်ပြီး အစား ဆင်ခြင်စားမည်လို့တွေးနေသည်..။
 သဲကိုးဖြာကိုသူကြိုက်နေသလိုသဲကိုးဖြာက သူ့ကို ပြန်ကြိုက်စေချင်လို့သဲကိုးဖြာ ရှေ့မှာ ကြည့်ကောင်းချင်သည်..။
 မနက်ဖြန်ရောက်ချင်လှပြီ..။
နောက်တနေ့မနက်..။
 လွန်းဇာ မှန်ကိုအကြိမ်၂၀ ထက်မနည်း ကြည့်သည်..။ အင်္ကျီလဲ ၀တ်နေတာလဲ သုံးထည်လောက်ပြောင်းပြီးပြီ..။
နောက်ဆုံးတော့လဲ သူဝတ်နေကျ Levi's ဂျင်းရှပ်ခပ်နွမ်းနွမ်း နဲ့Big John ဂျင်းဘောင်းဘီပဲ ၀တ်ဖြစ်သွားသည်..။ သဲကိုးဖြာတို့နဲ့
ဆုံမယ်ပြောထားတဲ့ကင်တင်းကိုထက်မြက်လင်း နဲ့အတူရောက်သွားသည်..။ သဲကိုးဖြာတို့မရောက်ကြသေး ..။
 သူနဲ့ထက်မြက်လင်း လဖက်ရည်မှာကြသည်..။
 ကပ်ရက်ဆိုင်က မခင်အေး က “ အသုတ်စားအုံးမလား ...” လို့မေးသည်..။ ထက်မြက်က “ ခဏကြာမှမှာမယ်မခင်အေး..
သူငယ်ချင်း တချို့ကိုစောင့်လိုက်အုံးမယ်...” လို့ဖြေသည်..။
 လွန်းဇာ သဲကိုးဖြာတို့လာရင်တွေ့နိုင်အောင်ကင်တင်း အပြင်ဖက်ကို မျက်နှာမူပြီး ထိုင်သည်..။
 စိတ်ထဲမှာ သဲကိုးဖြာနဲ့တွေ့ရမှာ အရမ်း စိတ်တွေ လှုပ်ရှားနေသည်..။
 “ လွန်းဇာ.. ဟိုမှာ သဲကိုးဖြာနဲ့မိုးဦးဝသုန်လာနေပြီ...” လို့ထက်မြက်ပြောလိုက်လို့သူလှမ်းကြည့်လိုက်တော့ကင်တင်းထဲ
ဝင်လာတဲ့သဲကိုးဖြာတို့ကိုသူတွေ့လိုက်သည်..။
 သဲကိုးဖြာသည်ဖြူဝင်း ထင်းရှင်းပြီး ရေရေလည်လည်မိုက်နေသည်..။
 ကိုယ့်ကိုယ်ကိုအားငယ်စိတ်တွေ ၀င်သွားသည်..။
ငါနဲ့ဖြစ်နိုင်ပါ့မလား ..။ သူငါ့ကို ပြန်ကြိုက်ပါ့မလား ..။
 သူတို့ထိုင်နေတဲ့စားပွဲနား ရောက်လာတော့ပြုံးပြကြပြီး ခွေးခြေအလွတ်တွေ မှာ ၀င်ထိုင်ကြသည်..။
 “ ဘာစားကြမလဲ.. သဲကိုးဖြာ နဲ့မိုးဦးဝသုန်...”
 “ သဲကိုးတို့က ကျွေးမှာနော်....”
 “ ဟုတ်ပါပြီ... ဘာစားကြမလဲ.. အသုတ်လား .. လဖက်ရည်.. အအေး ...”
 “ သဲကိုးက ထမင်းသုတ်နဲ့သံဘူး...”
 “ ကျမ က ..နန်းကြီးသုတ်..နဲ့ထောပတ်သီးဖျော်ရည်....”
 သဲကိုးဖြာတို့အတွက်မှာရင်း ထက်မြက်က သူနဲ့လွန်းဇာ အတွက်လဲ ထမင်းသုတ်မှာသည်..။ နံမည်ကျော်အမိုက်စားလေး
သူတို့စာပွဲ ၀င်လာထိုင်ပြီး စကားတွေ ပြော ရယ်မောနေတာ အတန်းထဲက ကောင်တွေ တွေ့သွားသည်..။ ကွက်ကြည့်ကွက်ကြည့်နဲ့
တီးတိုးတွေ ပြောဆိုနေတာ ထက်မြက်ကော လွန်းဇာရော တွေ့ကြသည်..။ သဲကိုးဖြာ ကိုတော်ရုံပဲ ကပ်လို့မရကြဘူး မဟုတ်လား ..။
 သဲကိုးဖြာ နဲ့မိုးဦးဝသုန်သည်ကျောင်းထဲမှာ အရမ်း နံမည်ကြီး ကျော်ကြားပေမယ့်မာနမကြီးဘဲ သဘော အရမ်းကောင်းကြကြောင်း
လွန်းဇာနဲ့ထက်မြက်တို့သိသွားကြရသည်..။
 ကင်တင်းမှာ စားသောက်ကြပြီးနောက်လမ်းအတူတူလျောက်ပြီး စကားပြောကြသည်..။ သူတို့ဘော်ဒါတွေ ဖြစ်သွားကြသည်..။
သဲကိုးဖြာနဲ့မိုးဦးဝသုန်တို့သူတို့နဲ့လမ်းခွဲသွားပြီးတဲ့အချိန်ထက်မြက်လင်း က ..“ လွန်းဇာ.. ငါ မိုးဦးဝသုန်ကိုရေလည်ခိုက်သွားပြီ...
ငါကြိုက်တယ်ကွာ ... တအား ချစ်မိသွားပြီ...” လို့ပြောသည်..။
အင်းလျားကန်စပ်က ဘူးသီးကြော်ဆိုင်လေး မှာ သဲကိုးဖြာနဲ့မိုးဦးဝသန်ထိုင်နေသည်..။
“ မိုးဦး ... ဘယ်လိုထင်လဲ ....”
 “ ဘာကိုလဲ...”
 မိုးဦးဝသုန်က ဘူးသီးကြော်ကိုအချဉ်ရေ နဲ့တို့ပြီး စားရင်း မေးသည်..။
 “ လွန်းဇာ ကိုဘယ်လိုထင်လဲ လို့.....”
 မိုးဦးဝသုန်က ..“ သေချာတာပေါ့.. သဲကိုး ကိုသူချစ်နေတာ ...” လို့ ပြုံးစိစိနဲ့ပြောလိုက်သည်..။
 “ဟယ်.. ယူက ဘယ်လိုပြောနိုင်တာလဲ ......”
 “ အိုး.. သဲကိုးရယ်... ယူက ခုမှအရိုးခံလေး လာလုပ်မနေနဲ့.. ရီးစား မထားခဲ့ဘူးတာ ကျနေတာပဲ .... ယူ့ကိုသူကြည့်တဲ့
မျက်လုံးထဲမှာ ပါနေတယ်...”
 “ ဘာပါတာလဲ.. အီအီးလား .....”
 “ သဲကိုးနော်.. မနောက်နဲ့.. အတည်ပြောနေရင်မနောက်နဲ့...”
 မိုးဦးဝသုန်က မျက်စောင်းလေး ထိုးလိုက်သည်..။
 “ ပြော.. ပြော.. ဘာတွေ ပါနေတာလဲ .... မိုးဦး ...”
 “ အချစ်ရဲ့ အရိပ်အရောင်တွေ ... သူ့မျက်လုံးထဲမှာ ငါတွေ့လိုက်တယ်....”
 “ ခိခိ... တယ်ဆိုတဲ့စာပါလား.. မိုးဦး.. ယူစာရေးဆရာမ လုပ်ပါလား ....”
 သဲကိုးဖြာ ပြုံး စိစိနဲ့... ပြောလိုက်လို့မိုးဦးဝသုန်မကျေနပ်..။
 “ သဲကိုး .. ပြောင်ချော်ချော်လုပ်မနေနဲ့.. ကဲပြော.. ယူကရော အဲ့ဘဲ ကိုဘယ်လိုထင်လဲ .....”
 “ လွန်းဇာလား ..... အင်း .... မဆိုးပါဘူး ..... ကာတွန်းစာအုပ်တွေ ထဲက ဇာတ်လိုက်နဲ့တူတယ်... ခိခိ.... သူ့ပုံစံက ..
အက်တင်က ...”
 “ မဆိုးဘူး ဆိုတာ ..ယူပြန်ကြိုက်နိုင်တယ်ပေါ့..ဟတ်လား ..”
 “ မိုးဦးရယ်... ဒို့က ခဲမှန်ဘူးတဲ့စာသူငယ်ပါ ... တခါမက သေဘူးခဲ့တော့လဲ ပျ ဉ်ဖိုးကိုကောင်းကောင်း နားလည်နေပြီမဟုတ်လား
....”
 “ ဒီတယောက်က တော့ယူ့ကိုတော်တော်ခိုက်နေတဲ့ပုံပါပဲ သဲကိုးရယ်....”
 အင်း .... လာပြန်ပြီ..။
နောက်တယောက်..။
 လွန်းဇာ ဆိုတဲ့လူ..။ သဲကိုးဖြာသည်သူတွေ့ခဲ့တဲ့ယောက်ျားတွေထဲ လွန်းဇာသည်ကြည့်လို့အကောင်းဆုံး ယောက်ျားတယောက်
လို့ထင်မိသည်..။ သူ့ရုပ်..သူ့အရပ်..သူ့ကိုယ်လုံး..သူ့အသံ... အကုန်လုံးကိုသဲကိုးဖြာ သဘောကျသည်..။
 ဒီတခါတော့သဲကိုးဖြာ သည်လွန်းဇာ ဖြစ်ဖြစ်နောက်ကိုသူ့ကိုချစ်တယ်လို့ပြောလာမယ့်ယောက်ျားကိုသူ့အကြောင်းတွေ
ဘာတခုမှမချန်ဘဲ အားလုံး ပြောပြပြီးမှလက်ခံမည်လို့စဉ်းစားထားသည်..။ ချစ်သူမဖြစ်ကြခင်.. မတွဲကြခင်နောက်ဆုတ်သွားရင်
သူလဲ မခံစားရသလို ပတ်ဝန်းကျင်မှာလဲ အရုပ်မဆိုးဘူးပေါ့..။
 လွန်းဇာ က သူ့ကို ကြိုက်နေတာ သေချာပါတယ်..။ အင်း .... တနေ့နေ့တော့“ သဲကိုးဖြာ ကိုအ၇မ်း ချစ်နေမိပြီ.....” လို့
ပြောလာတော့မှာပါ ..။
 ဒီလိုဆိုရင်သဲကိုးဖြာ ဘယ်လို ဖြေမလဲ ..။
 သဲကိုးဖြာ စဉ်းစားနေသည်..။
 “ သဲကိုး ....”
 “ ဟင်..မိုးဦး ....”
 “ ပြန်ကြ၇အောင်....”
ကိုဒေ၀ မီးသေနေတဲ့သူ့ကျားမသန်းဌေး ဆေးပေါ့လိပ်ကိုလက်မှာ ကိုင်ရင်း လွန်းဇာကို ဦးချစ်ဆိုင်ထဲက စောင့်နေသည်..။
 လွန်းဇာကိုသူမေးစရာ ရှိလို့ဒီနေ့မနက်ကျောင်းထဲအ၀င်ထက်မြက်နဲ့တွေ့တဲ့အချိန်လွန်းဇာကို ဦးချစ်ဆိုင်မှာ သူစောင့်နေမယ်
ဆိုတာ ပြောခိုင်းလိုက်သည်..။
 စားပွဲထိုးလေးတယောက်က သူ့စားပွဲပေါ်ကိုအကြမ်းအိုးတလုံး လာချသည်..။
ကိုဒေ၀ အတွေးလွန်နေသည်..။
 လွန်းဇာ အတန်းမရှိသေးလို့အားနေသည်..။
 သဲကိုးဖြာကိုများ တွေ့မလား ဆိုပြီး သဲကိုးဖြာ ကားရပ်တတ်တဲ့နေရာ တ၀ိုက်မှာ ရွှေအိုရောင်တိုယိုတာကားလေးများ ရောက်နေလေ
မလား လို့ရှာကြည့်မိသည်..။ သဲကိုးဖြာနဲ့စခင်မင်သိကျွမ်းပြီးချိန်က စပြီး လွန်းဇာ သူ့ကိုယ်သူအရင်ကထက်ဂရုစိုက်တော့တာ ..
ညနေတိုင်း ၀ိတ်ရုံမှာ ၀ိတ်မ .. လှေလှော်ရွက်တိုက်မှာ လှေလှော်လေ့ကျင့်.. မနက်စောစော ထပြေး နဲ့တော်တော်ကိုယ်ရေ
စစ်သွားသည်..။
အေးအေးမာ နဲ့သဇင်ပွင့်တို့က သဲကိုးဖြာနဲ့မိုးဦးဝသုန်တို့လိုပဲ ဒီဇိုင်းတွေက လန်ပျံသည်..။ ခေတ်လွန်ဒီဇိုင်းတွေ နဲ့မို့ကျောင်းထဲမှာ
သူတို့နှစ်ယောက်ကိုလည်း လူသိများသည်..။ သူတို့က လွန်းဇာနဲ့ထက်မြက်လင်းတို့မေဂျာက မဟုတ်ဘူး ..။
 ဒါပေမယ့်တအား ခင်မင်ကြသည်..။
 အီကိုကင်တင်း ဖက်သွားမလို့ကြံရွယ်နေတုန်း ထက်မြက်လင်း နဲ့ဆုံလိုက်သည်..။ ထက်မြက်လင်းက ... ကိုဒေ၀ကြီး
ဘာအရည်းကြီးလဲ မသိဘူး .. မင်းကို ဦးချစ်ဆိုင်က စောင့်နေတယ်.. သွားလိုက်ပါလား .. မင်း ပန်းချီကိစ္စလား မသိဘူး ... လို့
ပြောတာနဲ့လွန်းဇာ ဦးချစ်ဆိုင်ကိုထွက်ခဲ့သည်..။
 ကိုဒေ၀ သည်ဦးချစ်ဆိုင်မှာ အမြဲ ထိုင်သည်..။
 သူသီချင်းရေးတဲ့ကဗျာရေးတဲ့နေရာ ဖြစ်သည်..။ ဦးချစ်လဖက်ရည်ဆိုင်ရှိတဲ့ငှက်ပျောတောလေးထဲ သူနဲ့ထက်မြက်
ဝင်လိုက်ကြတဲ့အချိန်လဖက်ရည်ဆိုင်ထဲက ထ လာတဲ့စိုးစိုး နဲ့တိုးသည်..။ စိုးစိုး သည်သိပ္ပံဖက်က ဖြစ်ပေမယ့်ဦးချစ်ဆိုင်မှာ
ကိုဒေ၀လိုပဲ အမြဲထိုင်သည်..။
 “ ဒေ၀ကြီး ရှိတယ်.. မင်းကိုမေးနေတယ်.. လွန်းဇာ ...”
 စိုးစိုးသည်ဘုတုန်းထုံးထားတဲ့လွယ်အိပ်နွမ်းလေးကို ပုခုံးမှာ လွယ်ရင်း ဆေးပေါ့လိပ်ကလေး လက်ကြားညှပ်လို့ငိုက်စိုက်ငိုက်စိုက်
နဲ့ကျောင်းဖက်ကိုထွက်သွားသည်..။
 ဦးချစ်ဆိုင်အပြင်ဖက်က စားပွဲတွေ ရဲ့ စားပွဲမှာ ကိုဒေ၀ ရှိနေသည်..။
 “ ကိုဒေ၀ ... ကျနော့်ကိုတွေ့ချင်တယ်ဆိုလို့...”
 “ အေးကွ.. မင်းကိုအရည်းတကြီး မေးစရာ ရှိလို့....”
 “ မေး.. ဘာလဲ.. ပန်းချီပြပွဲကိစ္စလား .. မဂ္ဂဇင်း ကိစ္စလား ...”
“ မဟုတ်ဖူး ...လာထိုင်ကွာ... ဘာသောက်ကြမလဲ .. ထက်မြက်နဲ့လွန်းဇာ.. မှာကြ ... ဟိုနေ့က ကိုအောင်ရင်ဆိုင်မှာ မင်းနဲ့
ထက်မြက်ကိုဟိုအမိုက်စား နှစ်ယောက်နဲ့ထိုင်နေတာ တွေ့လိုက်လို့..”
 အနားမှာ လာရပ်နေတဲ့စားပွဲထိုး ကောင်လေးကိုလွန်းဇာက “ အချိုပေါ့နှစ်ခွက်...” လို့မှာလိုက်သည်..။
 “ ကိုဒေ၀ တွေ့လိုက်တယ်.. ဟုတ်လား ... ကိုဒေ၀ ကင်တင်းထဲမှာ ရှိနေတာလား ....”
 “ ကင်တင်းထဲ မရှိဘူး .. ငါက လော ကော်ရစ်ဒါမှာ ဆရာဖုန်းမိုနဲ့စကားပြောနေတာ.. ဘယ်လိုလဲကွ.. မင်း က သူ့ကို
လိုက်တာလား.. သူက မင်းကိုလိုက်တာလား ....”
 “အာ.. ဘယ်သူကမှဘယ်သူ့ကို မလိုက်ပါဘူး ... ဒီလိုပဲ ကြုံဆုံကြ ခင်ကြတာပါ ...”
 “ မင်းကိုသတိပေးမလို့ပါ .. ဒီစော်က ဘဲတွေ တယောက်ပြီး တယောက်ပြောင်းတွဲနေတာ .. ဘဲတွေကလဲ ကြည်ပြီး မကြာခင်
လစ်ပြေးကြတာကွ .. မင်းလဲ ကြားမှာပေါ့...”
 “ အင်း .. ကိုဒေ၀ က ဘာကြောင့်ဘဲတွေ လစ်ပြေးသွားကြတယ်ဆိုတာ သိလား ....” လို့ထက်မြက်လင်းက မေးသည်..။
 “ ငါလဲ သေချာတော့မသိဘူး ...ငါ သူနောက်ဆုံး တွဲလိုက်ပြီး သူ့ကို ချန်သွားတဲ့မောင်မောင်လေးလွင်ဆိုတဲ့ဘဲ နဲ့ခင်တယ်..
ဒီမောင်မောင်လေးလွင်က ငါ စာရေးနေတဲ့မဂ္ဂဇင်းမှာ အလုပ်လုပ်တယ်.. တော်တော်ရိုးအေးတဲ့ဘဲ ... ဒီဘဲတောင်ချန်ထားပြီး
ထွက်ပြေးသွားတယ်ဆိုတော့ဒီစော်က တခုခုပဲ .. မင်းမသိဘူး ထင်လို့သတိပေးမလို့ပါ ...”
 ထက်မြက်က ...“ လွန်းဇာ ဒီအကြောင်းတွေ သိတယ်ကိုဒေ၀ ... ဟဲဟဲ ... ကျနော်နဲ့လွန်းဇာ ကြားဖူးထားပါတယ်...” လို့
ပြောသလို...
 လွန်းဇာကလည်း ... “ သိပေမယ့်ရေလည်ကြွေ နေတယ်ကိုဒေ၀ ရေ .. ဘယ်လို ဖြစ်ဖြစ်သဲကိုးဖြာကိုကျနော်ကြိုက်နေမိပြီဗျာ
.....” လို့စပ်ဖြဲဖြဲ နဲ့ပြောသည်..။
 ကိုဒေ၀ က...“ ကောင်လေး ..နာချင်လို့... နံမည်ကိုက သဲကိုးဖြာ... နော်.. မိန်းမ မာယာသဲကိုးဖြာ .. ဆိုတာ မင်း သတိထား
လွန်းဇာ ....” လို့ဆေးပေါ့လိပ်ကို ရှိုက်ဖွာသောက်ရင်း ပြောသည်..။
 လွန်းဇာက .. “ သူ့နံမည်ကသာ သဲကိုးဖြာ ပါ.. သူက အရမ်း သဘောကောင်း ရိုးသားတယ်.. ကိုဒေ၀ ....” လို့ပြောလိုက်ပြန်တော့..
ကိုဒေ၀က တဟားဟား ရယ်ရင်း.. “အင်း.. လွန်းဇာတော့မှိုင်းမိသွားပြီ.... နောက်တော့မှ.. ကယ်ပါယူပါ တစာစာ နဲ့အသဲ
ဟက်တက်ကွဲပါပြီ... ဘာညာ သာရကာတွေ ကြားနေရအုံးမယ်.....” လို့ပြောသည်..။
 ကိုဒေ၀ က ခေါင်းရမ်းသည်..။
 “ လွန်းဇာ ... မင်းကိုစေတနာ နဲ့သတိပေးတာ ... နားမလည်ဘူးကွာ.... မောင်မောင်လေးလွင်လို ဖြစ်မှာစိုးလို့.... အရင်ဘဲတွေ
ကိုတော့ငါ မသိဘူး ... မောင်မောင်လေးလွင်နဲ့က ငါ နဲ့ခင်တယ်.. မင်း သိချင်ရင်ငါ မေးပေးမယ်... ဒါမှမဟုတ်မင်း နဲ့
မောင်မောင်လေးလွင်ကိုတွေ့ပေးမယ်...”
လွန်းဇာက ကိုဒေ၀ ဘယ်လောက်ပြောပြော စိတ်မ၀င်စားဘူး ..။
 “ ကိစ္စမရှိပါဘူး .. ကိုဒေ၀ .. နေပါစေ .... ကျနော်မောင်မောင်လေးလွင်နဲ့လဲ မတွေ့ချင်ပါဘူး ... သဲကိုးဖြာ ကိုကျနော်အရမ်း
ခိုက်နေပြီ.. သူသာ ကျနော့်ကို ပြန်ချစ်ရင်.. ဘာအကြောင်း ကြောင့်နဲ့မှကျနော်သူ့ကို ဖြတ်မှာ မဟုတ်ဘူး ... ချန်ခဲ့ထားခဲ့မှာ
မဟုတ်ဘူး ....”
 လွန်းဇာ ပြောတာကိုကိုဒေ၀ နားထောင်နေသည်..။
 ထက်မြက်လင်း ကတော့မိုးဦးဝသုန်ကိုသဘောကျ ကြိုက်နေတဲ့လူဆိုတော့လွန်းဇာနဲ့တဖွဲ့ထဲ.. လေသံတူစိတ်တူပဲ ..။
သဲကိုးဖြာ ကားဟွန်း တချက်တီးလိုက်တော့ ခြံတံခါး ပွင့်လာသည်..။
 ဦးအာယု ဖွင့်ပေးတာ ..။
 သူက သဲကိုးဖြာတို့ရဲ့ ဥယာဉ်မှူး နဲ့ ခြံတာဝန်ခံ ဖြစ်သည်..။ မီးခိုးရောင်ကျောက်တုံးတွေ နဲ့တိုက်မျက်နှာစာ ဆင်ဝင်အောက်ကို
သဲကိုးဖြာ ရဲ့ ကား ထိုးဆိုက်လိုက်တော့တိုက်ကြီးရဲ့ ကျွန်းတံခါး အကြီးစားကြီး ပွင့်လာသည်..။ အသက်၂၀ခန့်မိန်းကလေး
နှစ်ယောက်ပြေးထွက်လာကြသည်..။
 အေးစိန်နဲ့စံစံ ..။
 သဲကိုးဖြာတို့ရဲ့ အိမ်အကူနှစ်ယောက်..။
 ကားပေါ်က ဆင်းလာတဲ့သဲကိုးဖြာကို “ ဘာသယ်ပေးရမလဲ ... မမလေး ..” လို့ပြာပြာသလဲ မေးကြသည်..။
 သဲကိုးဖြာက “ ရှိဘူး ..” လို့ပြောပြီး တိုက်ထဲကို ၀င်သွားသည်..။
 အေးစိန်နဲ့စံစံလည်း စိတ်ပျော်ပုံမရတဲ့သူတို့မမလေး အနောက်က ကုတ်ခြောင်းခြောင်း နဲ့လိုက်ပါသွားကြသည်..။
 စတီးလက်ရမ်းနဲ့လှေခါးကြီးပေါ်ကိုတက်သွားတဲ့သဲကိုးဖြာကိုအသက်၅၀ခန့်မိန်းမကြီးတယောက်က အနောက်ဖက်ထမင်းစား
ခန်းကြီးထဲကနေ ပြေးထွက်လာပြီး ..“ မီးငယ်... ထမင်း စားမလား ...ဒေါ်ကြီး ... မီးငယ်ကြိုက်တတ်တာလေးတွေ ချက်ထားတယ်
....” လို့လှမ်းပြောသည်..။
 သဲကိုးဖြာက မိန်းမကြီးဖက်ကိုလှည့်ကြည့်ပြီး.. “ စားတော့ဘူး ...”လို့ပြောပြီး ဆက်တက်သွားသည်..။
“ အို.. မီးငယ်.. နေမှကောင်းရဲ့လားမသိဘူး ... အေးစိန်... စံစံ.... နင်တို့မမလေးကိုသွားကြည့်ကြအုံး.. ဘာလုပ်ပေးရမလဲ ....
နင်းနှိပ်ပေးရမလား .. ဆေးသောက်ချင်လား ... မေးကြ..”
 “ ဟုတ်... ဒေါ်ကြီး .....”
 အေးစိန်နဲ့စံစံတို့လှေခါးက လိုက်တက်သွားကြသည်..။
 ဒေါ်ကြီး ဆိုတာက သဲကိုးဖြာ အမေရဲ့ အမကြီး . .နံမည်က ဒေါ်ဇီ..။ သဲကိုးဖြာတို့မိသားစုရဲ့ ချက်ပြုတ်ရေး တာဝန်ခံ..။
 သဲကိုးဖြာ အိပ်ခန်းထဲကို ၀င်လိုက်လာဖို့ပြင်နေတဲ့အိမ်အကူကောင်မလေး နှစ်ယောက်ကို မလာဖို့ပြောလိုက်သည်..။
 စိတ်ရှုပ်လိုက်ထာ ..။
 အိပ်ခန်းတံခါးကို အတွင်းက ဂျက်ချပိတ်လိုက်ပြီး ကုတင်ဘေးက ဆိုဖါလေးမှာ ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်..။
 ကလင်..လင်...
 စားပွဲပေါ်က ဖုန်း က အသံအကျယ်ကြီး ထမြည်လာသည်..။
 “ ဟလို ...”
 “ သဲကိုး ရှိလား ...”
 သစ်မွှေး အသံ..။
 “ ဟိတ်.... ဘာလဲ ... သစ်မွှေး....”
 “ သဲကိုး ...”
 တအားအော်လိုက်တဲ့သစ်မွှေး အသံက အရမ်း ကျယ်လွန်းသည်..။
 “ ပျောက်လှချည်လား.. သစ်မွှေး ရယ်.. ယူက ဖုန်းလေးတောင်ဆက်ဖေါ်မရဘူး ..”
 “ ကိုပက်ထရစ်ပြန်ရောက်လာလို့လေ .. ခိခိ.. ထွက်သွားတာမှ မကြာသေးဘူး ... ဂျပန်ရောက်တော့ချာတာ ရလို့ဆိုပြီး ရန်ကုန်မှာ
သစ်လာတင်ရတာ ... ဒါကြောင့်မအား လို့ပါ သဲကိုးရယ်....ခိခိ..”
 “ သိပ်ပျော်နေတယ်ပေါ့လေ .. ဟွန်း .. သစ်မွှေးတို့တော့.. မပြောလိုက်ချင်ဘူး ....”
 “ ဒါပေါ့ဒါပေါ့...ခိခိ..ဒါနဲ့.. ယူ့ကိုပေးစရာလေးတခု ရှိလို့.. သစ်မွှေး ယူ့ဆီလာခဲ့မယ်...”
 “ နက်ဖန်ကျောင်းလာမယ်မဟုတ်လား.. အဲ့ကျပေးလေ ...”
 “ ခိခိ.. သစ်မွှေးက ကျောင်းတက်မှာ မဟုတ်ဘူး.. ကိုပက်ထရစ်နဲ့လိမ့်အုံးမှာ ... ခုလာပို့ရမလား ...”
 “ သစ်မွှေး အခုဘယ်မှာလဲ ...”
 “ တရုတ်ဘုံကျောင်းမှာ.... စားနေတယ်...”
 “ သဲကိုး လာခဲ့မယ်လေ...စောင့်နေ ...”
“ အခုလာမှာ လား..“
 “ အင်းပေါ့...”
 “ အစား တခုခုသစ်မွှေး မှာထားပေးရမလား ...”
 “ မှာနဲ့.. ဒိုင်းရက်လုပ်နေတယ်... စားဘူး ...”
 “ ယူက ဒီလောက်မိုက်နေတာများ .. လျော့စရာ လိုလို့လား..သဲကိုးရယ်. . ”
 “ မမြှောက်နဲ့.. သစ်မွှေး.... ကဲ.. လာခဲ့မယ်.. စောင့်နေ ....”
 သစ်မွှေးနဲ့သဲကိုးဖြာ က အထက်တန်းကျောင်းထဲက ခင်တဲ့သူငယ်ချင်း အရင်းအခြာတွေ ..။
 သဲကိုးဖြာသည်သူငယ်ချင်းတွေကိုတအားခင်မင်ပြီး သူငယ်ချင်းတွေ အတွက်ဆိုရင်အနစ်နာခံ..အစစ ကူညီပေးကမ်း
ကျွေးမွေးတတ်ပေမယ့်သူ့အိမ်ကိုဘယ်တော့မှခေါ်မလာတတ်..။ လာလည်မှာကိုလည်း ကြောက်သည်..။ သူ့မွေးနေ့ပွဲတွေကိုလည်း
နံမည်ကြီး စားသောက်ဆိုင်ကြီးတွေမှာပဲ လုပ်လေ့ရှိသည်..။ အခုလဲ စိတ်မပျော်ပေမယ့်သစ်မွှေး အိမ်လာနေမှာ စိုးလို့သဲကိုးဖြာ
သစ်မွှေး ရှိနေတဲ့ဘုံကျောင်း စားသောက်ဆိုင်ကိုကားနဲ့ ပြန်ထွက်လာခဲ့ပါသည်..။
.................... ။ .................... ။ .................... ။ .................... ။ ....................
 မိုးက တအား သည်းနေသည်..။
 မိုးဦးဝသုန် ဒီနေ့ထီးမပါခဲ့..။
 ရန်ကုန်မိုး အစိုးမရဘူး .. ဆိုတဲ့အတိုင်း နေ့လည်က အထိနေက တအားပူနေတာ ..။
 နောက်မှ ဗြုံးစားကြီး ဝေါကနဲ ရွာချလာတာ ..။ လေရော မိုးရော .. တဝေါဝေါ တ၀ုန်းဝုန်း နဲ့..။
 ခုလောက်ဆိုသဲကိုးဖြာ သူ့ကိုအီကိုကင်တင်း မှာ စောင့်နေလောက်ပြီ..။
 မိုးဦးဝသုန်စာကြည့်တိုက်မှာ ရောက်နေသည်..။ အဓိပတိလမ်းမကြီးကို ဖြတ်ပြီး အာရ်စီဖက်ကိုကူးချင်ပေမယ့်မိုးက
တအားသဲတော့ဖြတ်ရင်စိုစိုရွှဲမှာ ..။ သဲကိုးဖြာ နဲ့သူငယ်ချင်းတယောက်သွားကြဖို့ချိန်းထားတာကြောင့်မိုးရေတွေ တအားရွှဲစိုပြီး
မသွားချင်ဘူး ..။
 “ မိုးဦး ... တယောက်ထဲလား ....”
 “ ဟင်... ထက်မြက်...”
 ထက်မြက်လင်းကို ရုတ်တရက်တွေ့လိုက်ရလို့အံ့သြသွားသည်..။
“ ထက်မြက်ရော တယောက်ထဲလား... လွန်းဇာ မပါဘူးလား ..”
 “ မပါဘူး .. သူက ဒီနေ့ကစားတဲ့နေ့လေ .. .မရှိဘူး ...”
 မိုးဦးဝသုန်နားမလည်လို့မော့ကြည့်သည်..။
 “ ဘာ ကစားတာလဲဟင်...”
 “ အော်..ဆောရီး ..သိတယ်မှတ်လို့.. လွန်းဇာ က ကရာတေး ကစားတယ်လေ ... ဒီနေ့သူတို့သင်တန်း ရက်..”
 “ အော်...”
 “ သဲကိုးဖြာ မပါဘူးလား ...”
 “ မပါဘူး .. သူက မိုးဦး နဲ့အီကိုကင်တင်းမှာ ချိန်းထားတာ ..မိုးဦးက မိုးတအားသည်းနေလို့ထီးကလဲ မပါလို့...”
 “ အို .. ကျနော့်မှာ ထီးပါတယ်လေ ... လာ... ကျနော်လိုက်ပို့ပေးမယ်...”
 “ မိုးက အရမ်း ညည်းနေတာ...ရ ပါ့မလား.. ထီးတချောင်းထဲ နဲ့...”
 “ ဒါဖြင့်.. ထီးယူသွားလိုက်.. ကျနော့်အဆောင်က ဒီနားတင်... အရည်းမကြီးဘူး ....”
 “ အားနာစရာကြီး ....”
 “ ရတယ်.. သွား.. သွား.. မိုးဦး ..”
 မိုးဦးဝသုန်လဲ ထက်မြက်လင်းရဲ့ ထီး ကို ငှားသွားလိုက်သည်..။
 အီကိုကင်တင်း ရှေ့မှာ သဲကိုးရဲ့ ရွှေအိုရောင်တိုယိုတာ ကိုရိုလာကားလေး ရပ်ထားတာ တွေ့ရသည်..။ ကင်တင်းထဲ ၀င်လိုက်တော့
ဦးယမ်းဘီလူး အအေးဆိုင်မှာ ထိုင်နေတဲ့သဲကိုးကို တွေ့သည်..။ သဲကိုးရှေ့က စားပွဲပေါ်မှာ သံဘူးရေ တခွက်ကိုတွေ့ရသည်..။
 “ မိုးဦး ... ဘာလဲ.. မိုးမိနေတာလား ...“
 “ ဟုတ်တယ်.. သဲကိုးရယ်... အခုတောင်ထက်မြက်လင်း နဲ့တွေ့ပြီး သူ့ထီး ငှားလာလိုက်တာ ....”
 “ ဟင်.. ဟုတ်လား .. သူက ထီးအပို ပါလို့လား...“
 “ မပါဘူး .. သူ့ပါတဲ့ထီးကို မိုးဦးကိုပေးလိုက်တာ ...”
 “ အိုး..သူက ထီးမရှိပဲ ဘယ်လိုသွားမလဲ ....”
 “ သူ့အဆောင်က နီးနီးလေး...တဲ့....”
 သဲကိုးဖြာက ရယ်သည်..။
“ သဲကိုး... ဘာ ရယ်တာလဲ ....”
 “ သူက ယူ့အတွက်အနစ်နာ ခံသွားတာလေ ...ခိခိ..”
 “ ဒါ ရယ်စရာလား.. သဲကိုးနော်...”
 “ ဒီလိုလေ... ရုပ်ပြဇာတ်လမ်းထဲကလို ... ထီးငှားလိုက်.. နောက်.. ထီးပြန်ပေးရင်း တွေ့ကြ.. ကင်တင်း ထိုင်ကြ ... ပိုပိုရင်းနှီးလာ
... အဲ... သံယောဇဉ်တွေ တွယ်လာကြ... ခိခိ....”
 “ ယူနဲ့လွန်းဇာ အကြောင်း မစဉ်းစားပဲ ဘယ့်နှယ်သူများအကြောင်း လာ ဇာတ်လမ်း ဆင်နေတာလဲ.. သဲကိုး .. ဟွန်း ....”
 “ မိုးဦးရယ်... နောက်ကားတွေ လဲ ကျော်တက်သွားတတ်တာပဲလေ.... ခိခိ....“
 “ ကဲ.. ကဲ... ယုစပယ်တို့ဆီသွားမှာလား ... ထ... ထ ... မမ.... ဗရုတ်ကျ မနေနဲ့.. သွားကြရအောင်.. မိုး နဲနဲ စဲသွားသလိုပဲ ....”
 သဲကိုးဖြာက ပြုံးစိစိနဲ့..“ သဲကိုး သိနေတယ်မိုးဦး...အဲ့ထက်မြက်ကလည်း မိုးဦး ကို ကြိုက်နေတယ်ဆိုတာ...” လို့ပြောလိုက်သည်
..။
 “ သဲကိုးနော်..တော်တော့....”
 “ အအေးဖိုး လာယူ..ချာတိတ်..”
 သဲကိုးဖြာ နမိတ်ဖတ်သလိုပဲ တကယ်လဲ မိုးဦးဝသုန်နဲ့သဲကိုးဖြာတို့သည်ထက်မြက်လင်း တို့အတန်းဖက်သွားပြီး
မိုးသည်းတဲ့နေ့က ငှားခဲ့တဲ့ထီးကို ပြန်ပေးကြသည်..။
 ပြန်ပေးကြတဲ့အချိန်လွန်းဇာ နဲ့ထက်မြက်လင်း က သူတို့ကိုကင်တင်းမှာ တခုခုစားဖို့သောက်ဖို့ခေါ်ကြသည်..။ သူတို့ပိုပြီး
ရင်းနှီးသထက်ရင်းနှီး ခင်မင်သထက်ခင်မင်လာကြသည်..။
 ပိုပြီး ရင်းနှီးလာကြဖို့ဖန်လာတာ တခုက သဲကိုးဖြာက ဇာတ်အငြိမ့်မကြည့်ဖူးဘူး ဆိုပြီး မြို့တော်သိန်းအောင်ဇာတ်ပွဲကို
ကြည့်ချင်သည်လို့စကား စ လာလို့လွန်းဇာက ချက်ချင်းပဲ သူလက်မှတ်ဝယ်ပေးမည်လို့တာဝန်ယူလိုက်သည်..။ သူတို့
လေးယောက် တရုတ်တန်းက စားသောက်ဆိုင်တခုမှာ ညနေစာ ထမင်း အတူတူစားကြပြီး မြို့တော်သိန်းအောင်ဇာတ်ပွဲကိုအတူတူ
ကြည့်ကြသည်..။
 သဲကိုးဖြာရဲ့ကားလေးနဲ့ပဲ သွားကြသည်..။
 ဖျာတချပ်ထဲ တူတူပူးပူးကပ်ကပ်ထိုင်ရင်း လွန်းဇာ နဲ့ထက်မြက်တို့ဝယ်လာပေးတဲ့မုန့်တွေ စားကြရင်း ဇာတ်ပဲ ကြည့်ကြသည်..။
ပွဲပြီးတော့သဲကိုးဖြာက လွန်းဇာနဲ့ထက်မြက်ကိုကျောင်းဝင်းထဲ အထိပြန်လိုက်ပို့ပေးသည်..။
 ဒီလိုဇာတ်ပွဲ အတူတူကြည့်ကြပြီးတော့သူတို့လေးယောက်အတူတူသွားလာတာက အဆန်း မဟုတ်တော့ဘူး ..။ မနက်
အစောကြီး မိုးဦးဝသုန်ရဲ့ မွေးနေ့မှာ ရွှေတိဂုံဘုရားပေါ် အတူတူတက်ကြသည်..။ ဘုရားပေါ်က အဆင်း လိပ်ကန်မှာ လိပ်စာ ကျွေး..
ငါးလွှတ်.. စာကလေးတွေ လွှတ်သည်..။
လွန်းဇာ နဲ့ထက်မြက်လင်း... သဲကိုးဖြာ နဲ့မိုးဦးဝသုန်တို့လေးယောက်ကိုကျောင်းဝင်းထဲမှာ အတူတူတွဲတွဲ တွေ့လာကြလို့
လွန်းဇာနဲ့ထက်မြက်လင်းတို့မေဂျာက လူတွေက မေးလာ ကြသည်..။ သူတို့အဆောင်က သူငယ်ချင်းတွေ ကလည်း မေးလာကြသည်
..။
 ဒီနေ့လွန်းဇာ နဲ့ထက်မြက်လင်း ဦးချစ်ဆိုင်မှာ မနက်ထဲက ထိုင်နေကြသည်..။ မနက်ပိုင်း အတန်း မရှိကြ ..။ သူတို့ဟိုအကြောင်း
ဒီအကြောင်း စကားကောင်းနေတုန်း မိန်းကလေး နှစ်ယောက်ဦးချစ်ဆိုင်ရှိတဲ့ငှက်ပျောတောထဲ ၀င်လာတာ တွေ့လို့သေသေချာချာ
ကြည့်လိုက်တော့သဲကိုးဖြာ နဲ့မိုးဦးဝသုန်တို့ရဲ့ ဘော်ဒါ လင်ခန့်ဒိန်နဲ့သူနဲ့တွဲတဲ့စိန်စိန်ကျော်သန့်ဖြစ်နေသည်..။
 ထက်မြက်လင်း က လင်ခန့်ဒိန်ကိုလက်လှမ်းပြသည်..။
 လင်ခန့်ဒိန်နဲ့စိန်စိန်ကျော်သန့်သူတို့နှစ်ယောက်ထိုင်နေတဲ့စားပွဲဆီကိုတန်းတန်း မတ်မတ်လာနေသည်..။
 “ လင်ခန့်ဒိန်.. လာထိုင်.. ဘာသောက်မလဲ ....”
 “ သောက်တာက အရည်းမကြီးဘူး.. ယူတို့နှစ်ယောက်ကိုမေးစရာ ရှိလို့လာခဲ့တာ ...”
 လွန်းဇာ ရော ထက်မြက်လင်းရော လင်ခန့်ဒိန်စကားကြောင့်လန့်သွားသည်..။
 “ မေးပါ.. ဘာမေးမလို့လဲ .. လင်ခန့်ဒိန်..”
 “ ယူတို့နှစ်ယောက်ဖလော်ဆော်ဖီက ဟိုခပ်ဟော့ဟော့နှစ်ယောက်နဲ့ဘယ်လို ပတ်သက်ကြလဲ သိချင်လို့...”
 “ ဗျာ ....”
 လွန်းဇာ လန့်သွားသည်..။
 ဖလော်ဆော်ဖီက အေးအေးမာ နဲ့သဇင်ပွင့်တို့နဲ့သူတို့ခင်ကြတာ လင်ခန့်ဒိန်ဘယ်လိုသိနေလဲ.. ဘာကြောင့်လာမေးလဲ .. ဆိုပြီး
..။
 “ ဘယ်သူက သိချင်တာလဲ .. လင်ခန့်ဒိန်ကလား.. ဒါမှမဟုတ်....” လို့ထက်မြက်လင်းက ပြန်မေးသည်..။
 “ ကျမ က ယူတို့အကြောင်းကိုဘာကြောင့်မေးရမှာလဲ ကိုထက်မြက်ရယ်.... သိချင်တာက မိုးဦးနဲ့သဲကိုးပါ ... သူတို့ယူတို့ကို
အဲ့စော်တွေနဲ့အထင်လွဲနေကြတယ်.. ဒါကိုကျမ ကြားခဲ့လို့မနေနိုင်မထိုင်နိုင်ကြားကနေ ယူတို့ကိုလာမေးနေရတာပါ ....”
 “ ဗျာ.. သူတို့က အထင်လွဲနေကြတယ်.. ဟုတ်လား ....”
 “ ဟုတ်တယ်.. ယူတို့အဲ့စော်တွေ နဲ့ဖြစ်နေကြတယ်လို့သူတို့ထင်နေတယ်...”
 “ ကျနော်တို့က ခင်တာပါ ... အဟဲ.. ဒီကျောင်းထဲ.. သုံးနှစ်သုံးမိုး လဲ ကြာခဲ့ပြီဆိုတော့ဘော်ဒါတွေ ဖြစ်လာကြတာပဲလေ ... ခိခိ...
ကျောင်းသားချင်း တောင်မဟုတ်ဖူးလေ .. ကင်တင်း ဆိုင်ကေ၇ာင်းတဲ့လူတွေ နဲ့ပါ ခင်မင်လာကြတာပဲ ...”
ထက်မြက်လင်းက ရယ်မောပြီး ပြောနေသည်..။
 လင်ခန့်ဒိန်က ..“ မိုးဦးတို့က ဒီစော်တွေ နဲ့ယူတို့တွဲထိုင်တာ တွဲသွားတာ မကြည်ကြဘူး ဖြစ်နေတယ်.... ဟုတ်ပြီလေ ... ကျမ က
ကြားကပါ ... ကြုံရင်ပြောပြလိုက်မယ်.. သူတို့ကို.. ယူတို့ရိုးရိုး ခင်မင်ကြတာပါ လို့...” လို့ပြောသည်..။
 လင်ခန့်ဒိန်တို့ ပြန်သွားတော့လွန်းဇာ က .. “ သဲကိုးတို့တော့ဒို့ကိုအထင်လွဲနေပြီ... ဒါကြောင့်မင်းကိုပြောသေးတယ်..
အေးအေးမာတို့နဲ့သိပ်မရောပါနဲ့လို့...” လို့ထက်မြက်လင်းကိုအပြစ်တင်သည်..။
 ထက်မြက်လင်းက ..“ ဘာခုမှကြောက်ပါပြီလဲ ... အေးအေးမာတို့နဲ့လိမ့်တုန်းကတော့.. သွားကြီး ဖြဲပြီး ကျေနပ်နေပြီး .... ဒီမှာ
လွန်းဇာ ... ခုလိုသူတို့ဒို့ကိုအထင်လွဲတယ်ဆိုတာ ကောင်းတဲ့သတင်းကွ ... ဟီး ... သူတို့ဒို့တတွေ နဲ့အေးအေးမာတို့ခင်တာ
ထိုင်တာကို ဂျဲလက်စ်ဖြစ်ကြတာ... ခိခိ....”
 “ မင်းက ရယ်နေ.. ငါတော့သဲကိုး ကျေနပ်အောင်သွားချော့ဖို့စဉ်းစားနေတာ ....”
 “ ငါလဲ မိုးဦး.. ကို ရှင်းပြရမယ်... ခိခိ....”
.................... ။ .................... ။ .................... ။ .................... ။ ....................
 သဲကိုးဖြာ နဲ့မိုးဦးဝသုန်တို့သူတို့ကိုရှောင်နေတာ သေချာသည်လို့လွန်းဇာ သဘောပေါက်သွားသည် ..။
 မနက်က သဲကိုးဖြာတို့ကျောင်းခန်းကိုအလာ လွန်းဇာ နဲ့ထက်မြက်လင်းတို့ကို မတွေ့ချင်ယောင်ဆောင်.. မျက်နှာလွှဲပြီး အတန်းထဲ
ဝင်သွားကြသည်..။ လွန်းဇာနဲ့ထက်မြက်လင်း သူတို့အတန်းဆင်းတဲ့အထိဇွဲကောင်းကောင်းနဲ့သူတို့အတန်းနားမှာပဲ ရပ်စောင့်
နေလိုက်ကြသည်..။ အတန်းဆင်းတဲ့အချိန်သဲကိုးဖြာ နဲ့မိုးဦးသုန်က လူတွေကြားထဲ တိုးပြီး မတွေ့ချင်ယောင်ဆောင်ဖို့
ကြိုးစားသေးသည်..။
 လွန်းဇာက အမှီပြေးလိုက်ပြီး ..“ သဲကိုး.. သဲကိုး .. ခဏ နေပါအုံး ...” လို့ခေါ်သည်..။ မတတ်သာလို့သဲကိုးဖြာ နဲ့မိုးဦးဝသုန်တို့
လှည့်ကြည့်ကြသည်..။ ထက်မြက်လင်း က ရယ်ရယ်မောမော နဲ့.. “ မတွေ့တာ ကြာပြီနော်..မိုးဦးနဲ့သဲကိုး ... လာကြလေ ...
ကင်တင်း သွားရအောင်... လို့ပြောလိုက်သည်..။ သူတို့ပါးစပ်က ဘာမှ ပြန်မပြောကြပေမယ့်လွန်းဇာ.. ထက်မြက်လင်းတို့နဲ့
ပါလာသည်..။ ကင်တင်းမှာ ထိုင်ကြတော့သဲကိုးဖြာက နှုတ်ခမ်းလေးစူပြီး .. “သတင်းတွေ ကြားပါတယ်နော်...” လို့ပြောလိုက်သည်
..။ မိုးဦးဝသုန်က..“ ပေါ်မလာ ဇာတ်ကား ရိုက်တာက ထက်မြက်တို့လွန်းဇာတို့ပါ ... ဟိုဖလော်က ဟော့ရှော့နှစ်ယောက်နဲ့တတွဲတွဲ
ဟိုမှာ တွေ့လိုက်ဒီမှာ တွေ့လိုက်လို့လူတွေ ပြောကြတာ ...” လို့ပြောသည်..။
လွန်းဇာ က “ ကဲပါ.. ဒါတွေ ရှင်းပြမှာပါ.. ဘာစားကြမလဲ.. မှာရအောင်... သဲကိုး.. ဘာစားမလဲဟင်...”လို့ပြောရင်း စားပွဲထိုး
ကောင်လေးကိုခေါ်လိုက်သည်..။
 သူတို့စားရင်း သောက်ရင်း အရင်လိုပဲ ခင်ခင်မင်မင်ပျော်ပျော်ပါးပါး ပြန်ဖြစ်သွားကြသည်..။
 သူတို့လေးယောက်ကင်တင်းက အထွက်အင်းလျားကန်ဘောင်ဖက်ကိုဘွဲ့နှင်းသဘင်အဆောက်အဦး ဘေးက အပေါက်ကနေ
ထွက်ပြီး လျောက်သွားကြသည်..။ သဲကိုးဖြာ သည်ပျော်နေသလိုပဲ ..။ ကင်တင်းထဲမှာ တုန်းက လွန်းဇာက .. “သဲကိုးနဲ့မတွေ့ရလို့သူ
တခုခုလိုနေသလို ကြီး ဖြစ်နေပြီး အရမ်း တွေ့ချင်မိခဲ့တယ်..” လို့ပြောခဲ့တာကိုသဲကိုးဖြာ ကျေနပ်နေသည်..။ ဖလော်ဆော်ဖီက
စော်တွေ နဲ့က ရိုးရိုးခင်တာပါ .. သဲကိုး မကြိုက်ရင်သူတို့နဲ့မထိုင်တော့ပါဘူး .. အတူတူလဲ ကင်တင်း သွားမစားတော့ပါဘူးလို့လွန်းဇာ
နဲ့ထက်မြက်ပြောကြတော့..“ အို.. ယူတို့သဘောပါ .. ဒို့တတွေနဲ့မဆိုင်ပါဘူး ...” လို့မိုးဦးဝသုန်က ပြန်ပြောခဲ့သည်..။
 ကန်ဘောင်ပေါ်ရောက်တော့သဲကိုးဖြာက မနက်ဖြန်ဘုရားသွားမည်.. ဆိုင်တဆိုင်မှာ စားကြမည်လို့အစီအစဉ်ဆွဲသည်..။
 ဘာအတွက်ဆိုတာကို မပြော ..။ လွန်းဇာ နဲ့ထက်မြက်လဲ သဲကိုးဖြာ နဲ့မိုးဦးဝသုန်သူတို့အပေါ် စိတ်ပြေသွားပြီး အရင်လိုပဲ
ဘုရားသွား အစားစားကြတော့မှာမို့ဝမ်းသာသွားကြ ပြီး မနက်စောစော ဆုံကြဖို့ချိန်းကြသည်..။
 စီးပွားရေး တက္ကသိုလ်ရှေ့မှာ ရပ်ထားတဲ့သဲကိုးဖြာရဲ့ ကားလေးဆီကိုသူတို့လေးယောက်ပြန်လျောက်လာကြတဲ့အချိန်
ဖလော်ဆော်ဖီမေဂျာက အေးအေးမာ နဲ့သဇင်ပွင့်တို့နဲ့မျက်နှာ ချင်းဆိုင်တိုးကြသည်..။ လွန်းဇာ နဲ့ထက်မြက်တို့သဲကိုးဖြာ နဲ့
မိုးဦးဝသုန်တို့ရှေ့မှာ အေးအေးမာတို့ကိုနှုတ်ဆက်စကားပြောမှာ ၀န်လေးပြီး မျက်နှာလွှဲ မမြင်ချင်ယောင်ဆောင်လိုက်ကြသည်..။
ဒါကိုသဲကိုးဖြာ နဲ့မိုးဦးဝသုန်တို့တွေ့လိုက်ကြသည်..။ သူတို့ကိုကြောက်ပြီး ဖလော်ဆော်ဖီက အဟော့နှစ်ကောင်ကိုမနှုတ်ဆက်
ရဲတော့တာကိုသူတို့ကျေနပ်ပီတိဖြစ်နေကြသည်..။
 ကားဆီကိုရောက်တော့သဲကိုးဖြာက..“ မနက်ဖန်မနက်ဆုံကြမယ်.. စောင့်နေ.. သဲကိုး လာခေါ်မယ်..” လို့ပြောပြီး ကားထဲ
ဝင်သည်..။
 ကျောင်းထဲက လမ်းမကြီးပေါ်ကိုမောင်းထွက်လာပြီးချိန်မိုးဦးဝသုန်က ..“ ဟိတ်.. သဲကိုး .. ယူဘာလို့မနက်ဖန်ယူ့မွေးနေ့
ဆိုတာကိုလွန်းဇာတို့ကို မပြောလိုက်တာလဲ ...” လို့မေးသည်..။ သဲကိုးဖြာက ..“ ငါ သူတို့ကို ဒုက္ခမပေးချင်လို့ပေါ့မိုးဦးရယ်.. မွေးနေ့
ဆိုတာသိရင်သူတို့နှစ်ယောက်ငါ့အတွက်မွေးနေ့လက်ဆောင်ဝယ်နေရမှာပေါ့... မနက်ဖြန်မနက်တွေ့ကြမှာ ဆိုတော့သူတို့ဝယ်ဖို့
ဘယ်အချိန်ရမလဲလေ.. နောက်တခုက သူတို့က နယ်က ကျောင်းလာတက်ကြတဲ့အဆောင်ကျောင်းသားတွေ ဆိုတော့မိဘပို့တာနဲ့
လောက်အောင်နေနေကြရတာ.. သူတို့ငါ့ကိုမွေ့နေ့လက်ဆောင်ဝယ်ကြဖို့ပိုက်ဆံရှိချင်မှရှိကြမှာ ... ဒါကြောင့်မနက်ဖန်
ဘုရားရောက်မှပဲ သူတို့ကိုအသိပေးတော့မယ်...” လို့ပြောသည်..။
 မိုးဦးဝသုန်က.. “ သဲကိုးရယ်.. ယူကတော့လေ.. သူငယ်ချင်းတွေ အတွက်အမြဲ ကြည့်ပေးတတ်တဲ့မိန်းမပဲဟာ... တကယ်ပါ...
ယူက စိတ်သဘော သိပ်ကောင်းတာပဲ ...” လို့ပြောသည်..။ မနက်ဖန်ဘယ်ဆိုင်မှာ စားကြမလဲ.. ဘာတွေ စားကြမလဲ လို့သဲကိုးဖြာ နဲ့
မိုးဦးဝသုန်တိုင်ပင်လာကြ သည်..။ မိုးဦးဝသုန်ရဲ့ အိမ်ကိုသဲကိုးဖြာက လိုက်ပို့ပေးသည်..။
 သဲကိုးဖြာ အိမ်ကို ပြန်ရောက်တော့အိမ်မှာ တွေ့ရခဲတဲ့ဖေဖေ့ကိုသဲကိုးဖြာ တွေ့လိုက်ရသည်..။
 သဲကိုးရဲ့ ကား ခြံထဲကို ၀င်လိုက်တာနဲ့ဖေဖေ့ကားကြီးကိုဆင်ဝင်အောက်မှာ တွေ့လိုက်ရကထဲက ဖေဖေ ပြန်လာသည်လို့
သိလိုက်သည်..။ ဖေဖေ့ကားကိုမောင်းတဲ့ဦးပိုက်ထွေးကိုတွေ့ရသည်..။
ဖေဖေ သည်သူ့အလုပ်မှာပဲ အချိန်ရှိသရွေ့နေတတ်ပြီး အိမ်ကို ပြန်လာလေ့မရှိဘူး ..။
 အိမ်ကိုမေမေ နဲ့ဒေါ်ကြီးကပဲ အစစ တာဝန်ယူကြရသည်..။
 “ ဖေဖေ ”
 သဲကိုးဖြာ ဖေဖေ ထမင်းစားနေတဲ့စားပွဲမှာ ၀င်ထိုင်လိုက်သည်..။ ဒေါ်ကြီးက..“ မီးငယ်.. သမီးဖေဖေ နဲ့ထမင်း
ဝင်စားလိုက်ပါလား.. ဒေါ်ကြီး ပြင်ပေးမယ်...” လို့ပြောသည်..။
 ဖေဖေက သဲကိုးဖြာကို ပြုံးပြီး ကြည့်ရင်း ... “ သမီး.. နေကောင်းလား ...” လို့မေးသည်..။
 “ ကောင်းတယ်.. ဖေဖေ .. ဖေဖေ ကော...” လို့သဲကိုးဖြာက ပြန်မေးသည်..။
 “ ကောင်းတယ်သမီး ... ကောင်းပါတယ်....” လို့ဖေဖေ ဖြေသည်..။
 “ ဒေါ်ကြီး... မေမေရော.. ဘယ်သွားလဲ ...”
 “ မီးငယ်မေမေ က ထုံးစံအတိုင်းပေါ့.. မအူကုန်းက သူ့အဒေါ်အိမ်မှာ ..”
 ဖေဖေ နဲ့သဲကိုးဖြာ ထမင်း အတူတူထိုင်စားသည်..။
 မေမေ က သဲကိုးဖြာကိုခဏခဏ ပဲ မီးငယ်.. ရီးစားရပြီလား .. သင့်တော်တဲ့လူ.. ရိုးသား ကြိုးစားတဲ့လူဆိုရင်ဆင်းရဲပါစေ..
မေမေတို့က ပေးစားမယ်.. လို့ပြောခဲ့သည်..။
 သမီးဖေဖေ က အသက်ကြီးပြီဆိုတော့သူ့လုပ်ငန်းတွေ ကိုသမီး အိမ်ထောင်ကျတဲ့အခါ ကျရင်သမီးရဲ့ ယောက်ျား ကိုလွှဲအပ်မယ်
.. သူတရားရိပ်ပဲ ခိုတော့မယ်..လို့ပြောနေတယ်လို့သဲကိုးဖြာကိုပြောတတ်သည်..။
မနက်အစောကြီး အဆောင်ရှေ့ နားမှာ စောင့်နေကြတဲ့လွန်းဇာ နဲ့ထက်မြက်လင်း ကိုသဲကိုးဖြာ နဲ့မိုးဦးဝသုန်လာခေါ်သည်..။
အပြေး လေ့ကျင့်ခန်း ထွက်ရာက ပြန်လာတဲ့တဆောင်ထဲနေ ဘော်လီဘောသမား ကိုထွန်းအံ့က လွန်းဇာနဲ့ထက်မြက်လင်း
သဲကိုးဖြာရဲ့ ရွှေအိုရောင်ကိုရိုလာကားလေးပေါ်ကိုတက်သွားကြတာ ကို မြင်လိုက်သည်..။ သူတို့ကိုစူးစူး စိုက်စိုက်ကြည့်နေသော
ကိုထွန်းအံ့ကြီး ကိုလွန်းဇာ နဲ့ထက်မြက်လင်း တို့ကလည်း တွေ့သည်..။ ထက်မြက်လင်း က လွန်းဇာကိုတံတောင်နဲ့တွက်ပြီး
ကိုထွန်းအံ့ကို ပြသည်..။ ဒီလူကြီး အဆောင်မှာ အာချောင်တော့မည်..။ သေချာသည်..။ အသံဝါကြီးနဲ့မောင်းကြေးနင်း ခတ်တော့မည်
..။ လွန်းဇာနဲ့ထက်မြက်လင်းကိုသဲကိုးဖြာ လာခေါ်သည်ဆိုတာ တဆောင်လုံး သာ မက မေဂျာတခုလုံးတောင်သိသွားနိုင်သည်..။
 သဲကိုးဖြာ နဲ့မိုးဦးဝသုန်တို့..ဒီနေ့မနက်အရမ်း ရှိုင်းနေသည်..။ ဘယ်အချိန်က အိပ်ရာထပြီး အလှပြင်ထားကြသလဲ မသိဘူး... လို့
လွန်းဇာ တွေးနေသည်..။ ဒီလိုအမိုက်စား နှစ်ယောက်က ကား အမိုက်စားနဲ့သူတို့ကိုလာခေါ်တာကိုခံရတာ တော်တော်ကံကုသိုလ်
ထူးတယ်လို့ပြောရမှာပဲ ..။ ကျောင်းဝင်းထဲက အထွက်သဲကိုးဖြာက “ လွန်းဇာနဲ့ထက်မြက်.. အိပ်ရာထပြီး ဘာမှ မသောက်ခဲ့
ရသေးဘူး ထင်တယ်နော်.. ဘုရားပေါ် မတက်ခင်လဖက်ရည်တို့ကော်ဖီတို့တခုခုဝင်သောက်ကြရင်မကောင်းဘူးလား ...” လို့
မေးသည်..။
 မြေနီကုန်း က လဖက်ရည်ဆိုင်ကို ၀င်လိုက်ကြသည်..။
 “ ဘာစားကြမလဲ ..ဒီဆိုင်က နန်းပြာသုတ်တို့မန္တလေးမြီး ရှည်တို့ကောင်းတယ်...”
 လွန်းဇာနဲ့ထက်မြက်တို့အစောကြီး စားလေ့မရှိကြ တာကြောင့်လဖက်ရည်ပဲ သောက်ကြသည်..။ အားလုံး လဖက်ရည်ကော်ဖီ
တငုံစီလောက်စပြီး သောက်ပြီးကြတဲ့အချိန်လွန်းဇာနဲ့ထက်မြက်က သူတို့ပါလာတဲ့ကျောပိုးအိတ်လေးထဲက ဘူးလေးတွေ ကိုယ်စီ
ထုတ်လိုက်ကြပြီး .. “ ဟက်ပီးဘတ်ဒေး...သဲကိုး ...” လို့ပြောလိုက်ကြသည်..။
 သဲကိုးဖြာ နဲ့မိုးဦးဝသုန်အံ့သြသွားကြသည်..။ သူတို့မပြောပဲ လွန်းဇာတို့နှစ်ယောက်က ဒီနေ့ဟာ သဲကိုးဖြာရဲ့ မွေးနေ့ဆိုတာ
သိနေကြလို့..။
 လက်ဆောင်ထုပ်လေးတွေကိုသဲကိုးဖြာ လက်ကိုပေးကြသောအခါ သဲကိုးဖြာ လဲ..“ အိုး.. အဲလိုလက်ဆောင်ထုပ်ကြမှာ စိုးလို့
သဲကိုးက မွေးနေ့ဆိုတာကို မပြောတာ ...” လို့ပြောသည်..။
 “ ဘယ်ဟုတ်မလဲ.. သဲကိုးရဲ့ .. ပေးရမှာပေါ့...” လို့လွန်းဇာက ပြောသည်..။ သဲကိုးဖြာက လက်ဆောင်ထုပ်တွေကိုခု
မဖေါက်သေးဘူး.. အိမ်ရောက်တော့မှဖေါက်မယ်လို့ပြောသည်..။
 ဘုရားပေါ် ရောက်သောအခါ ထက်မြက်လင်း က မိုးဦးဝသုန်ကိုစိတ်ဝင်စားစရာ တစုံတရာ ကိုအဆက်မပြတ်ပြောရင်း တနေရာမှာ
ရပ်စကားပြောနေကြလို့သဲကိုးဖြာ နဲ့လွန်းဇာတို့နှစ်ယောက်ထဲလို ဖြစ်သွားသည်..။
 လွန်းဇာလဲ ပြောချင်နေတာတွေကို နှစ်ယောက်ထဲ အချိန်မှာ ပြောလိုက်တော့မည်လို့ဆုံးဖြတ်လိုက်ပြီး .. “ သဲကိုး ... သဲကိုး ကိုဒို့
တခုပြောလို့ရမလားဟင်...”လို့စကားစသည်..။
 သဲကိုးဖြာ က ပြုံးပြုံးလေး နဲ့..“ တခုမကဘူး..နှစ်ခုသုံးခုပြော ....” လို့နောက်သလိုလို နဲ့ပြန်ပြောသည်..။
 “ ဟို.. ဟိုလေ ... ဖလော်က စော်တွေ နဲ့က ဒို့နဲ့ရိုးရိုးပါ ... ရိုးရိုးခင်တာ....”
“ သိပြီးပြီလေ.. မနေ့က လွန်းဇာတို့ မြကျွန်းသာ မှာ ရှင်းပြပြီးပြီလေ ...”
 “ အဟဲ.. ဟုတ်တယ်... အဲဒါ ...ဒို့တကယ်တမ်း .. အဲ..ဟိုဒင်း .... ဆန်းဆန်း ဖြစ်ချင်နေတာ က..”
 “ နေပါအုံး.. လွန်းဇာ... ဆန်းဆန်း ဆိုတာ ဘာကြီးလဲ ... ရွှေမန်းသဘင်က လား.. ခစ်ခစ်..”
 “ ဆန်းဆန်း ဆိုတာက ရိုးရိုး ခင်မင်တာထက်ပိုတဲ့ချစ်သူဖြစ်ချင်တာ.. ပြောတာ ...”
 “အို..လွန်းဇာ ကလဲ ..ရယ်ရတယ်....”
 “ ဒို့တကယ်တမ်း ချစ်နေတာက သဲကိုး ...”
 “ ဟင်...”
 သဲကိုးဖြာ ရှက်သလိုခေါင်းငုံ့ထားနေသည်..။
 “ လွန်းဇာကွာ.... လုပ်ပြီ.. ဘုရားပေါ်မှာကြီး.. ရီးစား စကား လာပြောနေတယ်....”
 “ တကယ်ပါ.. သဲကိုးကို ဒို့အရမ်း ချစ်နေမိတာ.... အဲဒါ သဲကိုး.. ဒို့ကို ပြန်ချစ်မလားဟင်....”
 လွန်းဇာရဲ့ အသံတွေ တုန်နေသည်..။
 သဲကိုးဖြာက လွန်းဇာကို.. “ သဲကိုးကို ချစ်ရအောင်.. ယူက သဲကိုးအကြောင်း ဘယ်လောက်သိလို့လဲ ..အရင်သိအောင်
လုပ်အုံး..” လို့ပြောလိုက်သည်..။
 “ သဲကိုးရယ်... ဘာတွေများ သိစရာ လိုလို့လဲ.. ဒို့က သဲကိုးကို ချစ်တယ်.. သဲကိုးက ပြန်ချစ်ရင်.. ပြီးေ၇ာလေ .. တသက်လုံး
ချစ်ကြမယ်.. အတူတူလက်ထပ်ကြမယ်.... ဒါပဲပေါ့...”
 “ အင်း.. လွန်းဇာရယ်.. ထင်သလောက်လဲ မလွယ်ဘူး ... သေသေချာချာ လေ့လာ စဉ်းစားပါအုံး ....”
 “ ဒို့ကတော့ဘာမှ စဉ်းစား စရာ မလိုဘူး ထင်တာပဲ.. ဘာလဲ..သဲကိုး က မိဘတွေ သဘော မတူမှာ စိုးလို့လား ... တကယ်တမ်း
တယောက်နဲ့တယောက်ချစ်ကြရင်မိဘတွေ သဘော မတူလဲ ဘာဖြစ်လဲ ...”
 သည်အခိုက်..ထက်မြက်လင်း နဲ့မိုးဦးဝသုန်တို့သူတို့အနားကို ပြန်ရောက်လာကြလို့စကားပြတ်သွားရသည်..။
 သဲကိုးဖြာ က ..“ မိုးဦးရယ်.. ယူတို့က ဘယ်ပျောက်နေတာလဲ ..” လို့မျက်စောင်းလေး ထိုးပြီး ပြောသည်..။
 “ ထက်မြက်ပေါ့... စကားရှည်နေတာ .. စုံနေတာပဲ ... သူ့အတွက်စဉ်းစားပေးရတာ ခေါင်းကိုပူထူသွားရတယ်....”
 “ ဟင်.. မိုးဦးရယ်.. ယူ့ဟာကလဲ.. ဘာတွေများ စဉ်းစားပေးရတာလဲ..ခစ်ခစ်...”
 “ စုံနေတာပဲကွာ... ရေဆင်တကယ်ရှိမရှိတို့... အမေရိကန်သမတ ဂျေအက်ဖ်ကေ ကိုဘယ်သူသတ်သလဲ တို့..ဟူး .....”
လွန်းဇာ ပြုံးနေသည်..။ ထက်မြက်သူသဲကိုးဖြာကို စကားပြောနိုင်အောင်မိုးဦးဝသုန်ကိုလေရွှီးထားတယ်ဆိုတာ သူသိသည်..။
ထက်မြက်လင်း က တဟီးဟီး နဲ့ရယ်သည်..။
 ဘုရားပေါ်က အဆင်း လိပ်ကန်မှာ လိပ်အစာ သွားကျွေးကြသည်..။ စာကလေးတွေ လွှတ်သည်..။
 နေ့လည်စာ ကို “ ပတ္တမြား ” ဆိုတဲ့ဆိုင်မှာ သွားစားကြသည်..။ သဲကိုးဖြာကပဲ စားသောက်တာတွေ အတွက်ရှင်းသည်..။
 အချို ထပ်ကျွေးချင်သေးတယ်ဆိုပြီးေ၇ွှပုဇွန်ဆိုင်ကိုခေါ်သွားပြီး ဖါလူဒါတို့နတ်သုဒ္ဒာ တို့ထပ်ကျွေးပြန်သည်..။
 လွန်းဇာသည်သူကြားဖူးထားသော သဲကိုးဖြာ ပုံပြင်တွေ ထဲမှာ မောင်မောင်လေးလွင်ဆိုတဲ့လူကိုသဲကိုးဖြာ က အစစ ပေးကျွေးပြီး
အရမ်း ကောင်းတာပဲ ဆိုတဲ့စကားတွေကို ကြားယောင်လာ သည်..။ အခုသူ့လက်တွေ့ပဲလေ..။ ချမ်းသာတဲ့သဲကိုးဖြာသည်သူတို့ကို
အကောင်းစား ဆိုင်တွေမှာ ကောင်းပေ့ဆိုတဲ့ထိပ်တန်း အစားအစာတွေကိုစေတနာ ကောင်းနဲ့ကျွေးသည်..။
 ဒီလောက်ချောလှပြီး ချမ်းသာတဲ့စော်ကိုဘာကြောင့်များ .... စွန့်ခွာပြေးကြပါလိမ့်..။
 သဲကိုးဖြာကလဲ သူ့ကိုအရင်စုံစမ်း လေ့လာပါအုံး လို့ပြောသည်..။
 ဘာများ လက်မခံနိုင်စရာ ရှိလို့လဲ ..။
 လူမလစ်လို့သဲကိုးဖြာကိုလွန်းဇာ စကား ထပ်မပြောဖြစ်ဘူး ..။
 ပျော်ရွှင်တဲ့သဲကိုးမွေးနေ့ပွဲလေး အောင်မြင်စွာ ပြီးဆုံးသွားသည်..။
 သူတို့နှစ်ယောက်ကိုသဲကိုးဖြာက ပြန်လိုက်ပို့ပေးသည်..။ ပုဂံလမ်းထိပ်နားမှာ သူတို့ကို ချထားပေးခဲ့သည်..။ သဲကိုးဖြာရဲ့ ကားလေး
ထွက်သွားသောအခါ.. ထက်မြက်က .. “ ဘယ်လိုလဲ..လွန်းဇာ.... သဲကိုးကိုပြောဖြစ်လိုက်လား ...” လို့ချက်ချင်းပဲ မေးသည်..။
 လွန်းဇာက .. “ အေး.. ပြောဖြစ်တယ်...” လို့ဖြေသည်..။
 “ သူဘာပြောလဲ.. သဲကိုး က ဘာတဲ့လဲ ....”
 ထက်မြက်က အရင်စလိုမေးသည်..။
 “ သူ့အကြောင်း စုံစမ်းလေ့လာပါအုံးတဲ့...”
 “ ဟီး.. ဒါပေါ့ကွာ... ချက်ချင်းကြီးတော့ဘယ်ပြောမလဲ.. လွန်းဇာ.... ခိခိ.... ငါလဲ... ငါလဲ..... မိုးဦးကိုပြောလိုက်ပြီ....”
 “ ဟာ... ဟုတ်လား ....”
 “ အေး.. မထူးဘူးကွာ.. ဖြစ်ချင်ရာ ဖြစ်.. ငါ ချစ်တဲ့အကြောင်း ပြောလိုက်တယ်..”
 “ မိုးဦးက ဘာပြောလဲ ...”
“ သိသားပဲတဲ့အဲ့လိုတနေ့ပြောမယ်ဆိုတာ တဲ့... ခိခိ....”
သူတို့ထင်ထားတဲ့အတိုင်းပဲ သူတို့အဆောင်မှာ ကိုထွန်းအံ့ကြီး က အာချောင်သည်..။ နံမည်ကြီး သဲကိုးဖြာနဲ့မိုးဦးဝသုန်တို့
လွန်းဇာ နဲ့ထက်မြက်လင်းတို့ကိုလာခေါ်သည်ဆိုတာ တဆောင်လုံး သိကုန်သည်..။ ခင်မင်တဲ့လူတော်တော်များများ က လွန်းဇာ
မကြာခင်နောက်ဆုတ်ထွက်ပြေးတာကို မြင်ရတော့မယ်လို့ပြောဆိုဝေဖန်နေကြသည်..။ လွန်းဇာလည်း လာမဲ့ဘေး ပြေးတွေ့
ဆိုသလိုသဲကိုးဖြာကိုလက်မခံနိုင်စရာ ကိစ္စဆိုတာ ဘာလဲ ဆိုတာ သိချင်နေသည်..။ သူ့အနေနဲ့ကတော့ချစ်သူတွေ အများကြီး
ထားချင်တဲ့စိတ်လဲ မရှိဘူး ..။
 သဲကိုးဖြာကိုပဲ သူချစ်သည်..။ သူသဲကိုးဖြာကိုအရမ်း ချစ်သွားပြီ..။ နောက်ပြန်ဆုတ်လို့မရတော့ဘူး ..။
 နောက်ပြန်ဆုတ်ဖို့မဖြစ်နိုင်တော့ဘူး ..။
 ဘာကြောင့်ပဲ ဖြစ်ဖြစ်သဲကိုး ကိုသူမစွန့်ခွာသွားဘူး လို့ဆုံးဖြတ်ထားသည်..။
 နောက်တနေ့သူနဲ့ထက်မြက်လင်းတို့ကိုဒေ၀ကြီးနဲ့မြကျွန်းသာ ဆိုင်မှာ ထိုင်နေကြတဲ့အချိန်ကင်တင်းဖက်ကိုသဲကိုးဖြာတို့
ရောက်လာသည်..။ ထက်မြက်က လှမ်းခေါ်သည်..။
 သဲကိုးဖြာ နဲ့မိုးဦးဝသုန်တို့သူတို့ရှိတဲ့စားပွဲကိုလျောက်လာကြသည်..။
 “ လာလေ.. သဲကိုး.. ဒီမှာပဲ ထိုင်လိုက်ပါလား ....” လွန်းဇာက ခေါ်သည်..။
သဲကိုးဖြာ နဲ့မိုးဦးဝသုန်တို့ကိုလွန်းဇာ က ကိုဒေ၀ နဲ့မိတ်ဆက်ပေးသည်..။ ကိုဒေ၀ကြီးလဲ သဲကိုးဖြာသတင်းကို ကြားနေခဲ့ပေမယ့်
အခုပထမဆုံးပဲ နီးနီးကပ်ကပ်တွေ့ဖူး.. စကားပြောဖူးတာ ဖြစ်လို့သေသေချာချာ အကဲခတ်နေပုံရသည်..။ မိုးဦးဝသုန်နဲ့ထက်မြက်
ကလဲ တိုးတိုးတိုးတိုး နဲ့ဘာတွေ ပြောကြသလဲ မသိဘူး ..။
 သဲကိုးဖြာ က အခုမှစသိတဲ့ကိုဒေ၀ကိုလည်း ခင်ခင်မင်မင်နဲ့စကားပြောသည်..။
 လွန်းဇာ က ကိုဒေ၀ က သူမောင်မောင်လေးလွင်နဲ့သိတဲ့အကြောင်းများ ပြောလိုက်လေမလား လို့စိတ်ထဲမှာ ပူနေမိပေမယ့်
ကိုဒေ၀ က ဘာမှ မပြော ..။
 အခုလဲ သူတို့အတန်းက စော်တွေ သူတို့နဲ့သဲကိုးဖြာတို့ထိုင်နေတာကို ပြူးတူးပြဲတဲ နဲ့ကြည့်ကြပြီး တီးတိုး ပြောသွားကြတာတွေ
တွေ့နေရသည်..။
 ကိုဒေ၀ နဲ့ထက်မြက်တို့စကားကောင်းနေတုန်း သဲကိုးဖြာ က လွန်းဇာကိုခပ်တိုးတိုး မေးသည်..။
 “ လွန်းဇာ ... ညနေပိုင်း အားလားဟင်....” တဲ့..။
 “ အားတယ်.. သဲကိုး .... ပြော.. ဘာလုပ်ပေးရမလဲ ...”
 ပြာပြာသလဲ မေးလိုက်တဲ့လွန်းဇာရဲ့ ပုံစံကိုသဲကိုးဖြာ က သဘောကျပြီး ပြုံးသည်..။
 “ အော်.... လွန်းဇာ အားရင်သဲကိုး နဲ့ခဏ လိုက်ခဲ့ပေးနိုင်မလားလို့...”
 “ ရတာပေါ့.. လိုက်ခဲ့မယ်လေ.. ဘယ်အချိန်လဲ .. သဲကိုး ...”
 “ ၅နာရီလောက်ပေါ့...”
 သဲကိုးဖြာက အားလုံး စားကြသောက်ကြတာတွေကို ရှင်းသွားသည်..။
 သဲကိုးဖြာ နဲ့မိုးဦးဝသုန်တို့ပြန်သွားကြတော့ကိုဒေ၀ က..“ အင်း..ငါ လျပ်တပြက်တွေ့သိအကဲခတ်ရသလောက်က သဲကိုးဖြာက
မဆိုးဘူးပဲ..” လို့မှတ်ချက်ချ လိုက်တော့ထက်မြက်က “ အဟီး.. ကိုဒေ၀ကြီးက သဲကိုးဖြာ ကျွေးသွားတဲ ပေါက်ဆီ.. နဲ့လဖက်ရည်
ကြောင့်မဆိုးဘူး ဘာညာ ဖြစ်နေပြီ...” လို့ပြောပြီး ရယ်သည်..။
 ကိုဒေ၀ က .“ ဟာ... ထက်မြက်.. ငါ တကယ်ပြောနေတာကွ... သဲကိုးဖြာက သဘောကောင်းပြီး မာန်မာန မရှိတဲ့စော်ဆိုတာ ငါ
အကဲခတ်လေ့လာမိလို့ပြောနေတာ ...” လို့ ပြန်ပြောသည်..။
 ညနေ ၅နာရီ..။
 ရွှေအိုရောင်ကိုရိုလာကားလေး .. လွန်းဇာတို့အဆောင်ရှေ့ ကိုထိုးဆိုက်လာသည်..။
 သဲကိုးဖြာ လွန်းဇာကိုလာခေါ်တာ ..။ မိုးဦးဝသုန်ပါမလာခဲ့ဘူး ..။ အိမ်ပြန်နှင့်ပြီလို့သဲကိုးဖြာက ပြောပြသည်..။
အပြင်မှာ ပူသလောက်ကားထဲမှာ အဲကွန်းကြောင့်အေးနေသည်..။ သဲကိုးဖြာကိုယ်က ရေမွှေးအနံ့တွေ ကြောင့်ကားထဲမှာ
သင်းပျံ့နေသည်..။ မွှေးနေသည်..။
 ကြည့်ရတာ သဲကိုးဖြာသည်သူတို့နဲ့ကင်တင်း ထိုင်ပြီး နောက်ထပ်အလှပြင်ထားပုံရသည်..။
 “ လွန်းဇာ က စကား နည်းတယ်နော်...”
 “ သဲကိုး အဲလိုထင်လား.. ဟီး... နောက်မှ ဒို့စကားအရမ်း များတာပဲ မညည်းနဲ့...”
 “ သဲကိုး အခုဘယ်သွားမှာလဲ လို့မေးလဲ မမေးဘူး ... မသိချင်ဘူးလား ....”
 “ ဒို့က သဲကိုး ဘယ်သွားသွား လိုက်မှာပဲလေ ...”
 “ အိုး.. တကယ်လား .... ယူတကယ်ပြောတာလား ... သဲကိုး မြစ်ထဲကိုကားမောင်းချလိုက်ရင်ကော ယူလိုက်ခဲ့မှာလား ...”
 “ လိုက်မှာပေါ့.. သေအတူတူ၇ှင်အတူတူ...”
 “ အမလေး.. အပြောကောင်းနေတယ်.. ရပ်ကွက်ထဲက ကလေးတွေ ပြောသလိုလေ ... တောပြောင်းပြီး စကောရောင်းမယ့်လူ...
ဆိုတာ.. ဟိ...“
 သဲကိုးဖြာသည်တော်တော်ပျော်တတ်သည်..။
 ဒီလိုအချောစားလေး မှာ ငြင်းပယ်စွန့်ပစ်ရလောက်အောင်ဘာတွေများ ချို့ယွင်းချက်တွေ ရှိနေလို့လဲ ..။
 အပျို စစ်စစ်မဟုတ်လို့လား ..။
 ဒါကိုရေးကြီးခွင်းကျယ်များ လုပ်နေကြတာလား ..။
 ဒါမှမဟုတ်... အင်းလေ.. မကြာခင်တော့သိလာရမှာပါပဲ ..။
 “ ဟိတ်... တွေးနေပြန်ပြီ... တွေးမနေနဲ့ငေးမနေနဲ့.. ဈေးရောက်တော့မယ်....”
 သဲကိုးဖြာ သည်တကယ့်ကို ပုံပြင်ထဲက ရွှေမင်းသမီးလေး လိုပဲ မှုန်နေအောင်လှနေသည်..။
 ကြွေရုပ်ကလေး နဲ့တူတဲ့သဲကိုးဖြာ နဲ့အတူတူသွားနေရတာ သူ့အတွက်အိပ်မက်လိုပါပဲ ..။
 သဲကိုးဖြာ က..“ အခုအရင်ဆုံး ဗိုလ်ချုပ်ဈေး ကိုသွားမယ်...” လို့ပြောသည်..။
 ဗိုလ်ချုပ်ဈေး ..ကိုရောက်တော့လွန်းဇာ နဲ့သဲကိုးဖြာ အတူတူတွဲလျောက်သွားကြတာကိုလူတွေ ၀ိုင်းကြည့်ကြသည်..။ အင်း..
အချောလေး နဲ့တွဲသွားရတာကိုး ..။
“ လာ.. လွန်းဇာ ....”
 သူ့လက်ကို ဇတ်ကနဲ ဆွဲကာ ရွှေဆိုင်တဆိုင်ထဲကို ရုတ်တရက်ကြီးဝင်လိုက်သည်..။
 ဟိုက်.. သဲကိုး ရွှေတွေများ ၀ယ်တော့မလား မသိဘူး ... လွန်းဇာ စိတ်အားတွေ ငယ်နေသည်..။ သူက ပိုက်ဆံကိုချွေတာ
သုံးနေရတာ ..။ သဲကိုးဖြာ မွေးနေ့လက်ဆောင်ကိုတောင်အဆောင်က သူငယ်ချင်း တယောက်ဆီက ချေးပြီး ၀ယ်ပေးရတာ ..။
 သူတို့ကို ပြူးကျယ်တဲ့မျက်လုံးအစုံနဲ့ကြည့်နေတဲ့မိန်းမ ဖြူ ဖြူ ၀၀ လှလှကြီး တယောက်ရှေ့မှာ သဲကိုးဖြာ က ရပ်လိုက်ပြီး ...“
မာမီ.. ဒါ မီးငယ်သူငယ်ချင်း .. လွန်းဇာ.....တဲ့...”
 လို့ပြောလိုက်သည်..။
 အိုး... ဒါ.. ဒါ သဲကိုးဖြာရဲ့ အမေ ...လား..။
 မိန်းမကြီးက ပြုံးပြီး ... “အေးအေး.. တွေ့ရတာ ၀မ်းသာပါတယ်.. သားရယ်.. ထိုင်.. ထိုင်ကြ.. ဘာသောက်ကြမလဲ ...
အုန်းနို့ကျောက်ကျော သောက်မလား .. တခုခုစားကြပါလား ...” လို့ထိုင်ခိုင်းသည်..။ မစားပါဘူး ပြောလည်း မရဘူး ..။ အစားတွေ
မှာသည်..။
 သဲကိုးဖြာ သူ့ကိုအမေဆီခေါ်လာတာပါလား ..။
 သူနဲ့သဲကိုးဖြာတို့စားသောက်နေကြတုန်း .. သဲကိုးဖြာရဲ့ မာမီက လွန်းဇာ အကြောင်းတွေကို စမေးပါတော့သည်..။
 “ သား က .. ဘယ်ကလဲကွဲ့.. အဆောင်ကျောင်းသား ဆို.. မီးငယ်ပြောပြတယ်...”
 “ ကျနော်က မန်းလေးဇာတိပါ ... မန်းလေးကနေ ဆယ်တန်းအောင်ပါတယ်.. အခုကျနော့်မိဘတွေက ပျဉ်းမနား မှာပါ..
ကျနော့်အဖေက သစ်တောဦးစီးဌာန ကပါ.. ပျဉ်းမနား မှာ တာဝန်ကျ နေတာ ငါးနှစ်လောက်ရှိပါပြီ...”
 “ ညီအကိုမောင်နှမ ရှိလား ..”
 “ မရှိပါဘူး .. ကျနော်က တဦးထဲ သားပါ...”
 “ အမေကရော အလုပ်လုပ်လား ...”
 “ လုပ်ပါတယ်.. အန်တီ... အမေ က အထက်တန်းပြ ဆရာမ ပါ ...”
 စစ်ဆေးရေး နဲ့တော့တွေ့နေပြီ..။ မကြာခင်တော်ရမယ့်ယောက္ခမကြီး ပဲလေ .. စိတ်ရှည်ရှည်နဲ့ဖြေရမှာပေါ့လို့စိတ်ထဲက
ပြောလိုက်သည်..။
 သဲကိုးမာမီရဲ့ ဆိုင်ထဲက ပြန်ထွက်လာတော့လွန်းဇာ ချွေးပြန်နေသည်..။
 “ ဘယ်လိုထင်လဲ ..”
 “ ဘာကိုလဲ သဲကိုး....”
“ မာမီ့ကို...”
 “ ဘယ်လိုမှ မထင်ပါဘူး .. သဲကိုးမာမီက သဲကိုးလိုပဲ သဘောကောင်းတာပဲ..”
 “ မြှောက်နေပြန်ပြီ... ကဲ လွန်းဇာ... သဲကိုးတို့ဘယ်သွားကြမလဲ..တနေရာရာ သွားပြီး စကား ထိုင်ပြောရအောင်...”
.................... ။ .................... ။ .................... ။ .................... ။ ....................
အပိုင်း ( ၂ ) ကိုဆက်လက်အားပေးကြပါ
ချစ်ခြင်းများစွာဖြင့်
#မန္တလာမောင်မောင်တုတ်
Comments