ဆေးကျောင်းကဇာတ်လမ်းလေးတစ်ပုဒ် နောက်ဆုံးအပိုင်းလေး
’
မေမိုး ဖုန်းပြန်ချသွားသည်။ မေမေ့ကို မေမိုးတို့အိမ်သွားမည်ဟု ပြောလိုက်ပြီး ရေချိုးခန်းထဲ ဝင်ခဲ့သည်။ ရေချိုးနေစဉ် အနည်းငယ် အသက်ရှူမ၀သလို ခံစားရပြန်သည်။ သို့သော် ခဏသာ ကြာပြီး ပြန်ကောင်းသွားသည်။
ရေချိုးပြီးတော့ တဘက်ဖြင့် ရေသုတ်ရင်း လက်ကို ပြန်ကြည့်မိတော့ အနီကွက်လေးတွေက ပိုကြီးလာတာကို တွေ့ရသည်။ ထို့ကြောင့် တီရှပ်လက်ရှည်ကို ဝတ်လိုက်သည်။ ပြီးမှ အခန်းထဲက ထွက်လာခဲ့သည်။ အိမ်ရှေ့ရောက်တော့ မေမိုးက ဆက်တီပေါ်တွင် ထိုင်စောင့်နေသည်။
‘‘ မြတ်နိုး ...ပြီးပြီလား၊ သွားမယ်လေ၊ အန်တီ ...သမီးတို့ သွားတော့မယ်နော် ’’ သည်လိုနှင့် သူတို့ သူငယ်ချင်းနှစ်ဦး ထွက်လာခဲ့ကြသည်။
အိမ်ရောက်တော့ ထမင်းပွဲက အဆင်သင့်ဖြစ်နေပြီ။ ခဏတဖြုတ် နားနေပြီး သူတို့ ထမင်းစားကြသည်။ မြတ်နိုး တစ်ယောက် တော်တော်စားဝင်သည်။ သို့သော် မေမိုးက တို့ကနန်းဆိတ်ကနန်း ...။ ထမင်းစားပြီးတော့ အပေါ်ထပ်ရှိ မေမိုး အခန်းထဲသို့ တက်ခဲ့ကြသည်။ ပထမတော့ နေထိုင်ကောင်းရဲ့လားဟု မေးရိုးမေးစဉ်။ နောက်တော့ မေမိုးက ဘာမပြော ညာမပြောဖြင့် ငိုချလိုက်သည်။ မြတ်နိုးလည်း ပထမတော့ ချော့သေးသည်။ နောက်တော့ သူမပါ ရော၍ ငိုချလိုက်တော့သည်။
ခဏကြတော့မှ မြတ်နိုးက အငိုတိတ်ကာ မျက်ရည်များကို သုတ်ရင်း၊ မေမိုး၏ မျက်ရည်များကိုလည်း လက်ကိုင် ပဝါလေးဖြင့် သုတ်ပေးသည်။
‘‘ မေမိုး ...’’
‘‘ ...’’
‘‘ တိတ်ပါတော့ဟယ် ...နော် ’’
ခုတင်ပေါ်တွင် ထိုင်ရင်း မြတ်နိုးက မေမိုးက ဖွဖွလေး ဖက်ထားလိုက်သည်။ မေမိုးက အငိုတိတ်သွားသည် ဆိုပေမယ့် ကိုယ်ကလေးလှုပ်ကာ လှုပ်ကာ ရှိုက်ဆဲ။
‘‘ မေမိုး ...သူငယ်ချင်း၊ ငါပြောစရာရှိတယ် ’’
‘‘ အင်း ...’’
‘‘ ဒီ လူးပတ်စ် အကြောင်းကို နင်ဘယ်လောက်သိထားသလဲ ’’ မျက်ရည်တို့ ကျလာပြန်သည်။ ပြီးမှ ...
‘‘ ဘာသိရမှာလဲဟာ ...ငါလည်း နည်းနည်းပါးပါးတော့ သိပါတယ်၊ ငါ့အသိထဲမှာ ဒီရောဂါမျိုး ဖြစ်ဖူးတယ်၊ အဲဒီတုန်းက ငါက ဖတ်စ်ယီးယား၊ ဆရာတစ်ယောက်ကို မေးကြည့်တော့ လူးပတ်စ်ကို အက်စ်အယ်လ်အီး
(ှပျအနာငခူကစကျ နမပအ့နာအေသျကျ) လို့ ခေါ်တယ်ဟ၊ ဖြစ်လာရင် ...’’
‘‘ ပြောလေ ...မေမိုး၊ တကယ်တော့ ငါ အဆိုးဆုံးအခြေအနေအတွက် ပြင်ဆင်ထားပြီးပါပြီဟာ ...’’
‘‘ ...’’
‘‘ မငိုပါနဲ့တော့ဟယ်၊ နင်ငိုနေမှ ငါ ပိုပြီး စိတ်မကောင်းဖြစ်ရမယ် ’’
‘‘ အေးပါ ...’’ မေမိုးက မျက်ရည်များကို သုတ်ရင်း ပြန်ပြောသည်။
‘‘ အေးလေ ...ဒီရောဂါကို နြနျဒုငနမ လို့လည်း ခေါ်ကြသေးတယ်နော်၊ နှလုံးရောဂါလိုပဲ အသံတိတ်
လူသတ်သမားလို့ ခေါ်ရမှာပဲလေ၊ သြော် ...မေမိုးရယ်၊ တစ်နေ့မှာ နင်တို့ကို ခွဲသွားရဦးမှာပေါ့ ...’’
‘‘ မြတ်နိုး ...’’ မေမိုးက ဆို့နင့်စွာ ခေါ်သည်။
‘‘ ကဲ ...နင် ငါ့ကို ဒီလိုပဲ ငိုပြနေတော့မှာလား မေမိုးရယ် ...’’
‘‘ ...’’
ထိုနေ့က သူတို့ စကားတွေ အများကြီး ပြောဖြစ်ကြသည်။ သည်အထဲမှာ သူတို့ အလေးနက်ဆုံး ဆွေးနွေးဖြစ်ခဲ့သော စကားကတော့ သားသား အကြောင်းပင်ဖြစ်လေသည်။ သန်ဘက်ခါဆိုလျှင် သားသား ပြန်လာတော့မည်။ ဒါကို နှစ်ဦးစလုံး သိထားသည်။
‘‘ မေမိုး ...’’
‘‘ ပြောလေ မြတ်နိုး ’’
‘‘ နင် သားသားအပေါ် ဘယ်လို သဘောထားသလဲ ’’
‘‘ ဘာကို ငါက သဘောထားရမှာလဲ ’’
‘‘ ခုချိန်ကျမှ နင် မညာပါနဲ့တော့ သူငယ်ချင်းရယ် ...’’ ‘‘ မြတ်နိုး နင် ...နင် ...ဘာတွေပြောနေတာလဲ ’’ မြတ်နိုးက မေမိုးက သိုင်းဖက်လိုက်သည်။
‘‘ တော်တော့ မေမိုး ...ငါ နင့်ကို သားသားနဲ့ ကြည်ဖြူနိုင်ပါတယ် ’’
‘‘ မြတ်နိုး ...’’
‘‘ ငါရိပ်မိနေတာ ကြာပါပြီဟာ ...သားသားကတော့ ဘာပြောမလဲ မသိဘူး ’’
‘‘ ...’’
‘‘ ငါ တကယ်လို့ ...အေးလေ ...သားသားအနားမှာ နင်နေပေးပါနော် ...’’
‘‘ ဘာဖြစ်လို့ နင်ဒီလို ပြောရတာလဲ မြတ်နိုး ’’
‘‘ ငါ အားလုံး ဆုံးဖြတ်ပြီးသွားပြီ၊ သူ ပြန်လာရင် ငါ ရှောင်နေတော့မယ်၊ နင်နဲ့သူကို ငါ အထင်လွဲတဲ့ ပုံစံမျိုးနဲ့ပေါ့၊ သူ ငါ့အပေါ်မှာ စိတ်ပြတ်သွားခဲ့ရင် အကောင်းဆုံးပဲလေ ...ငါ ဆက်ပြီး သူ့ကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်တော့ဘူး၊ မေမိုး ...’’
‘‘ ဟင် ...’’
‘‘ ငါ့ကို ကတိပေးပါ၊ သူ့အနားမှာ နေပေးပါ ’’
‘‘ ငါ ဘယ်လိုလုပ် ...’’ မြတ်နိုးက မေမိုး နှုတ်ခမ်းကို လက်ကလေးဖြင့် အသာအယာပိတ်လိုက်သည်။
‘‘ ငါ့ကို ချစ်တယ်ဆိုရင် ကတိပေးပါ သူငယ်ချင်းရယ် ...နော် ...’’ မေမိုး ဘာမှ မပြောသာတော့။ တစ်ကိုယ်လုံး ရှိသမျှ အင်အားကို စုစည်းကာ ခေါင်းကိုသာ အနိုင်နိုင်ညိတ်ပြ လိုက်ရသည်။ သြော် ...ရှေ့ဆက်ပြီး ဘာတွေဖြစ်ဦးမလဲလေ ...။
ညနေကျတော့ မေမိုးအိမ်မှပင် ဆေးခန်း သွားပြကြသည်။ ရှေ့မှ လူနာ နှစ်ဦးသုံးဦးကို စောင့်ပြီးမှ ဝင်ရသည်။ သူမအလှည့်ရောက်တော့ မေမိုးနှင့်အတူ ဝင်ခဲ့ကြသည်။
‘‘ မြတ်နိုးနော် ...’’
‘‘ ဟုတ်ပါတယ် ဆရာ ’’
‘‘ သူက ...’’ မေမိုးဘက်လှည့်မေးသည်။
‘‘ ကျွန်မ အချစ်ဆုံးသူငယ်ချင်းပါ ဆရာ၊ ပွင့်ပွင့်လင်းလင်း ပြောနိုင်ပါတယ် ’’
‘‘ အခု သမီးမှာ ဖြစ်နေတာက အက်စ်အယ်လ်အီးဆိုတဲ့ ရောဂါပဲ၊ သူက နှလုံး၊ အဆုတ်၊ ကျောက်ကပ် စတဲ့ ကိုယ်တွင်းအင်္ဂါတွေရယ်၊ နောက် အရိုးအဆစ် ဂျွိုင့်တွေရယ်ကို ဒုက်ခပေးတတ်တယ်၊ ဘာမှ အားမငယ်နဲ့နော်၊ ကောင်းသွားမှာပါ’’
‘‘ ဆရာ သမီး တစ်ခုလောက် ပြောလို့ရမလား ’’
‘‘ အေး ပြောလေ သမီး ’’
‘‘ သမီး ဒီရောဂါအကြောင်းကို သိသင့်သလောက် သိပြီးပါပြီ၊ အဆိုးဆုံး အခြေအနေအတွက်လဲ ကြိုပြီး ပြင်ဆင် ပြီးပါပြီ၊ ရှေ့ဆက်ပြီး သမီး ဘယ်လောက် ကာလအပိုင်းအခြားအထိ အသက်ရှင်နေနိုင်ဦးမှာလဲ ဆရာ ’’ ဆရာဝန်ကြီး နှုတ်ဆိတ်သွားသည်။ ခဏနေမှ ...
‘‘ အင်း ...ဒီလိုလဲ တရားသေကြီး တွက်မထားနဲ့လေ သမီး၊ ဆရာတို့ ဗုဒ်ဓဘုရားရှင်တော်မြတ်ကြီးက ဟောခဲ့တယ်၊ စိတ်သာ အဓိကတဲ့၊ စိတ်သာ ရှင်စော ဘုရားဟော ဆိုတာ သမီး ကြားဖူးမှာပေါ့၊ ခုလို သမီးက ပြောတော့လဲ ဆွေးနွေးလို့ လွယ်တာပေါ့ကွယ်၊ သမီးကို ဆရာ တစ်ခုတော့ ပြောချင်တယ် ’’
‘‘ ဘာများလဲ ဆရာ ’’
‘‘ ဒီရောဂါကို ဆရာရယ်၊ သမီးရယ်၊ တတ်နိုင်သလောက် ကြိုးစားပြီး ဆန့်ကျင်တိုက်ခိုက်ကြရအောင်ကွယ် ’’
‘‘ ဟုတ်ကဲ့ပါ ဆရာ ’’ ဘေးနားမှ မေမိုးကို ကြည့်လိုက်တော့ မျက်ရည်များ စီးကျလျက်။
‘‘ သြော် ...ဒါနဲ့ သမီးတို့က ဘာလုပ်သလဲ မသိဘူး ’’ ‘‘ စက်ကင်းအမ်ဘီ ဖြေထားပါတယ် ဆရာ ’’ ဆရာဝန်ကြီး တစ်ချက် တွေကနဲ ဖြစ်သွားသည်။ တစ်လောကသားတည်းချင်းတွေမှန်း သိသွားလို့ ပိုပြီး ကရုဏာ သက်သွားလေသည်လား မသိ ...။
‘‘ သြော် ...သြော် ...အေးကွယ် ...ဒါကြောင့် သမီးက ဒီရောဂါအကြောင်း နည်းနည်းသိနေတာကိုး၊ အတန်းကြီးဆိုရင်တော့ ပိုသိမှာပေါ့ကွယ် ...ကဲကဲ ဆရာ ခု ဆေးတွေပေးလိုက်မယ်၊ မှန်မှန်သောက်ပါသမီး၊ တစ်ရက် မပျက်ပါစေနဲ့၊ နောက်ထပ် တစ်ပတ်နေရင် လာပြပါ ’’
‘‘ ဟုတ်ကဲ့ ဆရာ၊ ဒါဆို သမီးတို့ကို ခွင့်ပြုပါဦး ’’ ဆရာဝန်ကြီး ရေးပေးသော ဆေးစာကို ယူ၍ မြတ်နိုးတို့နှစ်ဦး ပြန်ထွက်ခဲ့လေသည်။ သားသားတစ်ယောက် ဆစ်ခ်အဲရ်လေကြောင်းပိုင် လေယာဉ်ကြီးပေါ်တွင် အတွေးနယ်ချဲ့နေသည်။ သူ့စိတ်ထဲတွင် မြတ်နိုးနှင့် အတူတူရှိနေချင်သည့် အနားမှ မခွာချင်သည့်စိတ်တို့ကသာ လွမှ်းမိုးနေသည်။ လက်ထပ်လိုက်ဖို့ပင် သားသား စဉ်းစားမိသည်။ ဟုတ်သည် ...မေမေတို့ကလည်း ကန့်ကွက်မှာ မဟုတ်ပါဘူးလေ။
ဒီလိုနှင့် လေယာဉ်က ဆင်းခါနီးလာပြီ။ မြန်မာပြည် ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းတော့မည်။ ခါးပတ်ပတ်ထားရန် သတိပေးသော မီးနီလေးများ လင်းလာသည်။ သူ သတိတရဖြင့် ခါးပတ်ပတ်ကာ နာရီကိုလည်း မြန်မာ စံတော်ချိန်သို့ ပြန်ပြောင်းလိုက်သည်။ မကြာလိုက်ပါ၊ ငြိမ့်ကနဲ အထိအတွေ့နှင့်အတူ လေယာဉ်သည် ပြေးလမ်းပေါ်တွင် ပြေးနေပြီဖြစ်သည်။ သည်လို့နှင့် ကားတစ်ဆင့်စီးကာ တာမီနယ်လ်ထဲသို့ ရောက်လာသည်။ အားလုံးစစ်ဆေးပြီး ထွက်ပေါက်မှ သူ ထွက်လာတော့ မေမိုးကို တွေ့ရသည်။ တီရှပ်ပန်းရောင် စကပ်အနက်ရောင်လေးနှင့် သိပ်လှနေသည်။ မေမိုးက သူ့အိတ်ကို လှမ်းယူမည်လုပ်တော့ သူက တားထားကာ လက်ကိုသာ လှမ်းကိုင်လိုက်သည်။ နောက်မှ သတိရပြီး ပြန်လိုက်လွတှ်ကာ ဟိုဟိုသည်သည် မျက်လုံး ကစားမိသည်။ အင်း ...မြတ်နိုးတော့ လာမကြိုဘူး ထင်ပါရဲ့ဟု သူတွေးလိုက်သည်။ သည်တော့မှ မေမိုး၏ လက်ကို သူ ပြန်လည်ဆုပ်ကိုင်လိုက်ပြီး ကားကွင်းသို့ အတူယှဉ်ကာ လျှောက်ခဲ့ကြသည်။ လမ်းတွင် ဘာစကားမှ မပြောဖြစ်။ သူက မေမိုးကို မသိမသာ အကဲခတ်သည်။ ပုံမှန်တော့ မဟုတ်ဟု သူထင်သည်။ ယခင်က သူနှင့်အတူ ရှိနေလျှင် မေမိုးတစ်ယောက် အမြဲလိုပင် ပျော်နေသည်။ ကလေးတစ်ယောက်လိုပင် အပြစ်ကင်းစွာ ပျော်နေတတ်သည်။ ခုတော့ သူထင်တာပဲမှားသလား မသိ၊ တစ်ခုခုတော့ တစ်ခုခုပဲဟု တွေးလိုက်သည်။ ခဏနေတော့ သည်အတွေးက ခေါင်းထဲက ပြန်ပျောက်သွားသည်။ မေမိုးက သူ့အိမ်အထိ လိုက်ပို့သည်။ အိမ်ပေါ်တက်လိုက်တော့ ဖုန်တသောသောနှင့် ပြန်ဖြစ်နေပြီ။ သူ တကယ့်ကို စိတ်ပျက်သွားမိသည်။ မီးကလဲ ပျက်နေသည်။ စိတ်ပျက်ဖွယ် အခြေအနေမှာ ဘာလုပ်ရမယ်မှန်းပင် သားသား မသိတော့။ စိတ်ညစ်ညစ်ဖြင့် ၀ရန်တာမှာ ထိုင်ချလိုက်သည်။ ဆုတ်နှင့် ၀ရန်တာကြမ်းပြင်မှာ ခြေပစ်လက်ပစ်ထိုင်နေသော သူ့အသွင်က သူများတွေ မြင်လျှင်တော့ ရယ်လိမ့်မည် ထင်သည်။ ၀ရန်တာမှ တိုက်ခတ်လာသော လေအေးများကြောင့် သူ အနည်းငယ် စိတ်လက် အေးချမ်းသွားသည်။
အတော်လေးကြာအောင် ထိုင်နေပြီးမှ ပြန်ထလိုက်သည်။ ထိုစဉ် ကာလကြာရှည် ပျက်လေ့ရှိတတ်သော မီးကလည်း ပြန်လာသည်။ သူက အပေါ်ဝတ် ကုတ်ကို ချွတ်ကာ ခုံပေါ်တင်ထားလိုက်ပြီး တံမြက်စည်းတစ်ချောင်းဖြင့် အပေါ်ယံမျှ အနည်းငယ် လှဲကျင်းသည်။ ပစ္စည်းများက ဘာမျှ နေရာ မယွင်းသော်လည်း ဖုန်များကိုတော့ သိသာစွာ မြင်နေရသည်။ ဖုန်အနည်းငယ် ရှင်းသွားမှ ပါလာသော အိတ်ကို နေရာချ၊ အဝတ်လဲ၊ ရေမိုးချိုးသည်။ ထို့နောက်တော့ ညစာ စားရန် လမ်းထိပ်ဖက် ထွက်ခဲ့သည်။ လမ်းထိပ်ထွက်ရင်း မြတ်နိုးဆီ ဖုန်းခေါ်ကြည့်သည်။ သူ့ အမေနှင့် တွေ့သည်။ မြတ်နိုး တစ်ယောက် အိပ်နေပြီတဲ့၊ နောက်နေ့မှ ခေါ်ပါဟု ပြောသည်။ အင်းလေ ...ကောင်မလေး စိတ်ကောက်နေတာပဲ ဖြစ်မည်ဟု သူတွေးလိုက်သည်။ မနက်ဖြန် မနက်မှ သွားချော့လိုက်ဦးမည်ဟု ဆုံးဖြတ်လိုက်ပြီး လမ်းထိပ်သို့ ထွက်ခဲ့လေသည်။ စားပြီးသောက်ပြီး ပြန်ရောက်တော့ ညကိုးနာရီ။ မီးလာနေသော်လည်း ဘာမှ အလုပ်မရှိသဖြင့် အိပ်ရာသို့ စောစော ဝင်လာခဲ့သည်။ လူကလည်း ပင်ပန်းနေသည်ကိုး။ ခေါင်းအုံးနှင့် ခေါင်းထိသည်နှင့် သားသား အိပ်ပျော်သွားတော့သည်။ မနက်နိုးတော့ ၇ နာရီ ထိုးပြီ။
ရေမိုးချိုး မျက်နှာသစ်ပြီးတော့ ကော်ဖီတစ်ခွက် ဖျော်သောက်လိုက်ပြီး အဝတ်အစားလဲလိုက်သည်။ အားလုံးပြီးတော့ ၈ နာရီပင် ထိုးတော့မည်။ သူ ကော်ဖီပန်းကန်ကို ဆေးကာ တံခါးပိတ် သော့ခတ်ပြီး ထွက်လာခဲ့သည်။ ရေလန်းနေ၍ တက္ကစီဖြင့် မြတ်နိုးတို့ဆီ လာခဲ့သည်။ တိုက်အောက်ရောက်တော့ နေပင် အတော်ပူနေလေပြီ။ သူ လှေကားအတိုင်း တက်လာခဲ့သည်။ မြတ်နိုးတို့ အခန်းတံခါးကို ခပ်ဖွဖွ ခေါက်လိုက်သည်။ မတွေ့ရတာ ကြာပြီဖြစ်သော မြတ်နိုးနှင့် ပြန်လည်ဆုံတွေ့ရမည်ဖြစ်၍ သူ့ရင်ထဲ နွေးထွေးတက်ကြွနေသည်။ ခဏနေတော့ တံခါးက တဖြည်းဖြည်းချင်း ပွင့်ဟလာသည်။ မြတ်နိုး၏ မေမေ။ သူက နှုတ်ဆက်လိုက်သော်လည်း အဖွားကြီးက မကြည်လင်။ သူ့ကို ခပ်စိမ်းစိမ်း တစ်ချက် စိုက်ကြည့်ပြီး တံခါးပြန်ပိတ်သွားသည်။
သားသား တစ်ယောက် အလွန်ပင် အံ့အားသင့်သွားသည်။ သူ တံခါးကို အတင်းခေါက်သည်။ ခဏနေတော့ တံခါးပြန်ပွင့်လာသည်။ မြတ်နိုးအမေက ...
‘‘ ကဲ ...ငါ အားမနာနိုင်တော့ဘူး အောင်ကျော်သူ၊ မင်းနဲ့ ငါတို့ သားအမိ ဒီတစ်သက် ဆက်ပြီး စကားပြောဖို့ အကြောင်းမရှိတော့ဘူး ’’ ‘‘ ဘယ်လို ...ဘယ်လို အန်တီ ’’
‘‘ မင်း ...ကိုယ့်အကြောင်း ကိုယ်သိမှာပေါ့၊ ဘာအမှား လုပ်ထားခဲ့သလဲလို့ ’’
တံခါးက ပြန်ပိတ်သွားသည်။ သူ ဘယ်လိုခေါက်ခေါက်၊ အော်ခေါ်သော်လည်း ထွက်မလာတော့။ သားသားလည်း ဘေးပတ်ဝန်းကျင် အားနာ၍သာ ပြန်လာခဲ့ရသည်။ ထို့နောက် အနားတွင်တွေ့ရသော ဖုန်းဆိုင်မှ မေမိုးဆီသို့ ဖုန်းဆက်သည်။ အဆင်သင့်ပင် မေမိုးနှင့် တွေ့ရသည်။
‘‘ မေမိုး ...အခုလာခဲ့မယ် စောင့်နေ ...’’ သားသား ဒါပဲ ပြောပြီး ဖုန်းချလိုက်သည်။ တက္ကစီတစ်စီးကို လက်ပြတားလိုက်ပြီး မေမိုးတို့အိမ်သို့ ထွက်ခဲ့သည်။ အင်း ...ဒီမနက်တော့ တက္ကစီသမား လုပ်ကျွေးနေရသည်ပဲလေ ...။ မေမိုးတို့အိမ်ရောက်တော့ မနက်ကိုးနာရီခွဲတော့မည်။ မေမိုးက ဒန်းလေးပေါ်တွင် ထိုင်စောင့်နေသည်။ သားသား သည်အိမ်သို့ စရောက်ခဲ့စဉ်က ကဲ့သို့ပင် ဖြစ်သည်။ သူ့ကို မြင်တော့ ထိုင်ရာမှ ထကာ ဒန်းပေါ်သို့ ခေါ်ခဲ့သည်။ ‘‘ ဘယ်လိုလဲ မောင် ... စောစောစီးစီးပါလား ...’’
‘‘ ...’’
‘‘ ပြောလေ ...ဘာလာလုပ်တာလဲလို့ ’’
‘‘ မြတ်နိုးက အတွေ့မခံလို့ ...အဲဒါ ...’’ ‘‘ ဟင် ...ဘယ်လိုဖြစ်တာလဲ ...’’ မေမိုးက တစ်ချက်ပျက်သွားသော မျက်နှာကို လျင်မြန်စွာပြင်လိုက်ရင်း ပြောသည်။ သားသားက ခေါင်းငိုက်စိုက်
နှင့်မို့ မရိပ်မိ။ သားသားက ဆက်ပြောသည်။
‘‘ ထူးတော့ ထူးဆန်းတယ် မေမိုး၊ လုံးဝကို အတွေ့မခံတာ ...မနေ့ညက ဖုန်းဆက်တော့လဲ အိပ်နေတယ်တဲ့ ’’ ‘‘ မေမိုး ဘာလုပ်ပေးရမလဲ မောင် ’’
‘‘ ဖုန်းတော့ ဆက်ကြည့်ချင်တယ်’’
‘‘ အင်း ...’’
မေမိုးက ဦးဆောင်ကာ ဧည့်ခန်းထဲသို့ ဝင်ခဲ့ကြသည်။
ဧည့်ခန်းထဲရောက်တော့ မေမိုးက ဖုန်းကို ကောက်ကိုင်သည်။ မကြာလိုက်ပါ ...မြတ်နိုး အမေ လာကိုင်သည် ထင်သည်။ မေမိုးနှင့် ခဏပြောနေပြီးနောက် မြတ်နိုးကို သွားခေါ်သည်ဟု ယူဆရသည်။ ခဏနေတော့ မြတ်နိုး ရောက်လာသည်။
‘‘ မြတ်နိုးလား ...ငါပါ ...ခဏ ကိုင်ထားနော် ’’
သားသားက ဖုန်းကို လက်လွှဲယူလိုက်သည်။
‘‘ မြတ်နိုး ...ကိုယ်ပါ ...’’
‘‘ ...’’
‘‘ ကိုယ့်ကို ဘာလို့ ရှောင်နေရတာလဲ မြတ်နိုးရယ် ’’
‘‘ ကိုယ့်ဖာသာ ကိုယ် သိမှာပါ ’’
‘‘ ကိုယ်က ... ကိုယ် ...ဘာ ...ဘာလုပ်မိလို့လဲ ’’
‘‘သြော် ...ဒီမှာ ကိုယ် ...မြတ်နိုး ရှင်းရှင်းပဲ ပြောတော့မယ်၊ ခု အနားက လူက ဘယ်သူလဲ ...ကို ... ဒီလောက်ပဲ မြတ်နိုးပြောတော့မယ် ...မြတ်နိုး မျက်နှာများတဲ့ ယောက်ျားကို အမုန်းဆုံးပဲ ...ဒီလောက်ပဲ ပြောပါရစေတော့ မြတ်နိုးကို ထပ်မနှိပ်စက်ပါနဲ့ ...ဒါပဲနော် ...နောက် ... မဆက်နဲ့တော့နော် ... ’’ မြတ်နိုး ဖုန်းချသွားသည်။
Comments
Post a Comment